“ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်နေမှု ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိ”
13 Mayစစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ် ပင်းမ-ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ္မရာ လမ်းပေါ်မှာ တည်ဆောက်လျက်ရှိတဲ့ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂)မှကြီးမှူးပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်က စတင်တည်ဆောက်ခဲ့ရာ လက်ရှိအချိန်အထိ တည်ဆောက်နေမှုလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) မှ သိရပါတယ်။ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ချင်းတွင်းမြစ်ကိုဖြတ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိ ထမံသီရွာနှင့် ပင်းမရွာတို့ကို ဆက်သွယ်တည်ဆောက်ထားဖြစ်ပါတယ်။ တံတားတည်ဆောက်ရာတွင် တံတား အုတ်မြစ်အနေနဲ့ အချင်း ၁ ဒသမ ၅ မီတာရှိသော သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် တည်ဆောက်ထားပြီး တံတားအကျယ် ၉ ဒသမ ၄ မီတာနှင့် ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာရှိကာ အရှည် ၈၀၁ မီတာရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားလူမျိုးများ၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်တို့ရှိ ဒေသခံပြည်သူများ ကူးသန်းသွားလာမှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူအဆင်ပြေစေရန် ချင်းတွင်း မြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးစီမံကိန်းကို အဓိကရည်ရွယ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် ဒေသခံပြည်သူများအနေနဲ့ ထမံသီရွာနှင့် ပင်းမရွာကို ကူးတို့ဖြင့် ကူးသန်းသွားလာနေရပြီး မော်တော် ယာဉ်များကိုလည်း ဇက်ရေယာဉ်ဖြင့် ကူးဖြတ်လျက်ရှိနေပါတယ်။ တံတားကြီးတည်ဆောက်ပြီးစီးပါက ပင်းမ-ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ္မရာ လမ်းပေါ်ရှိ ကျေးရွာများနှင့် ဟုမ္မလင်း၊ ခန္တီးမြို့နယ်ရှိ ပြည်သူများအနေဖြင့် လွယ်ကူလျင်မြန်စွာ သွားလာနိုင်မှာဖြစ်ပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေရန် များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)