“ပြင်ဦးလွင်မြို့နယ်၌ ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုး”
13 May
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ကော်ဖီစိုက်ဧကပေါင်း ၂,၀၀၀ ခန့်ရှိပြီး ယခင်ကထက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြောင်း ပြင်ဦးလွင်မြို့နယ် ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာနမှ သိရပါတယ်။ ပြည်တွင်း၌ ကော်ဖီသောက်သုံးမှုပိုမိုများပြားလာပြီး ကော်ဖီသီးများဈေးကောင်းနေသည့်အပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချနေရသောကြောင့် ယခုနှစ် ကော်ဖီစိုက်ပျိုးရာသီတွင် ပြင်ဦးလွင်မြို့နယ်၌ ဒေသခံတောင်သူများနှင့် လုပ်ငန်းရှင်များက ကော်ဖီပင်များကို တိုးချဲ့စိုက်ပျိုးခဲ့ကြကာ ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာနမှ တာဝန်ရှိသူများကလည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကော်ဖီပင်များတိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေသလို ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးကိုလည်း ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။ ကော်ဖီပင်များစိုက်ပျိုးရာ၌ မိုးကြို ကာလတွင် စိုက်ပျိုးလိုပါက ဖေဖော်ဝါရီ လ ၁၅ ရက်မှစ၍ မိုးမကျမီကာလအထိ ရေလောင်းစိုက်ပျိုးနိုင်ပြီး မိုးရာသီကာလ တွင် စိုက်ပျိုးလိုပါက မေလကုန်မှ ဩဂုတ်လကုန်အတွင်း စိုက်ပျိုးကြရန် အသိပေးထားပါတယ်။ လက်ရှိမှာတော့ ပြင်ဦးလွင်မြို့နယ် ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာန ကော်ဖီသုတေသနခြံ၌ ကော်ဖီမျိုးပေါင်း ၂၆ မျိုးကို သုတေသနပြုစိုက်ပျိုးထားပြီး မြန်မာနိုင်ငံနှင့်သင့်လျော်တဲ့ ကော်ဖီမျိုးများကို အဓိကစိုက်ပျိုး ထားကြောင်း သိရပါတယ်။ (NVS-004)