“ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးထစ်ချုန်းရွာမည်”
13 May
ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးထစ်ချုန်းရွာသွန်းမယ်လို့ မေလ ၁၂ ရက် မွန်းလွဲပိုင်း ၃ နာရီအချိန်၌ မိုးလေဝသဌာနခွဲ(ရန်ကုန်)က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်၊ မအူပင်၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ညောင်လေးပင်၊ ကျိုက်ထို၊ ဖာပွန်၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်၊ သံတွဲ၊ မြောက်ဦး၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ဖလမ်း၊ မင်းဘူး၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ မယ်စဲ့တို့တွင် မိုးထစ်ချုန်းရွာသွန်းမယ်လို့ သိရပါတယ်။ ဒါ့အပြင် လောက်ကိုင်၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းလား၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်း၊ ပူတာအို၊ တနိုင်း၊ မုံရွာ၊ ရွှေဘို၊ ယင်းမာပင်၊ စစ်ကိုင်း၊ ရေဦး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ သပိတ်ကျင်း၊ ကျောက်မဲ၊ တောင်ကြီး၊ ကလော၊ နမ့်စန်၊ လင်းခေး၊ မိုင်းရှူးနှင့် လားရှိုးခရိုင်တို့တွင်လည်း မိုးရွာနိုင်တယ်လို့ သိရပါတယ်။ ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ် (Low Pressure Cell)က မြောက်-အနောက် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ကာ၊ ယင်းအခြေအနေကြောင့် လာမယ့် ၃၆ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ ရောက်ရှိကာ အားကောင်းလာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေရာကွက်ကြား မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။ (NVS 004)