"နေပြည်တော်မှာ ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော်ကျင်းပ"
13 May
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ဈေးနှုန်း သက်သာစွာနဲ့ သံ၊ သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မေလ ၁၂ ရက်ကစ၍ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ တပေါင်းကွင်းမှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးရောင်းပွဲတော်ဖွင့်ပွဲကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ နှင့် တာဝန်ရှိ သူတွေက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ရောင်းချနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ ဆက်လက်ပြီး ဈေးရောင်းပွဲတော် ဖွင့်ပွဲနေ့မှာပဲ “ပျက်၍ ပြင်ဆင်ခြင်းမှသည် ကြိုတင်ပြင်ဆင်ခြင်းဆီသို့” ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောပွဲလည်း ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အထွေထွေ အတွင်းရေးမှူး ချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံ သံ နှင့် သံမဏိအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကေသီလွင်၊ Alpha Power Engineering Co.Ltd ရဲ့ Founder and Managing Director ဦးသက်စံ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ဌာနမှူး(ငြိမ်း) ဒေါ်ခင်မေဌေး တို့က ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း နဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့က ထပ်မံ ဖြည့်စွက်အကြုံပြု ဆွေးနွေးခဲ့ကြပါတယ်။ ဈေးရောင်းပွဲတော်ကို မေလ ၁၂ ရက်ကနေ ၁၈ ရက်ထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ ၆၁ ခုက ပြခန်းပေါင်း ၇၄ ခန်းနဲ့ ပြသရောင်းချပေးမှာ ဖြစ်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အခုလို ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးရောင်းပွဲတော်ကိုတော့ နေပြည်တော်မှာ ပထမဆုံးအကြိမ် ပြသရောင်းချတာဖြစ်ပြီး စစ်ကိုင်းမြို့မှာ မေ ၁၂ ရက်ကစပြီး အိမ်ဆောက်ပစ္စည်း ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။ (NVS 004)