“မန္တလေးရှိ ဆောက်လုပ်ဆဲ အဆောက်အအုံများတည်ဆောက်မှုကို ခေတ္တရပ်နားဖို့အသိပေးကြေညာ”
13 May
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး မြို့နယ် ၆ မြို့နယ် အတွင်းရှိ ဆောက်လုပ်ဆဲအဆောက်အအုံများ တည်ဆောက်မှု ခေတ္တရပ်နားထားရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ မေလ ၁၁ ရက်မှာ အသိပေးကြေညာထားပါတယ်။ အဆိုပါ ၆ မြို့နယ်အတွင်းရှိ ဆောက်လုပ်ဆဲအဆောက်အအုံများ၏ ပင်မတိုင်များ ပျက်စီးမှု ရှိ၊ မရှိ ပြန်လည် စစ်ဆေးရန် လိုအပ်တာကြောင့် ခေတ္တရပ်နားထားကြရန်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားဝင်ဖွဲ့စည်းထား တဲ့ စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေး၍ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အဦနှင့် ကုန်ရုံဌာနသို့ ပျက်စီးမှုရှိ/မရှိ စိစစ်တင်ပြချက်အပေါ်မူတည်ပြီး အဆောက်အဦဆောက်လုပ်ခြင်းကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အကယ်၍ ပင်မတိုင်များ ပျက်စီးမှုရှိပါက ဆက်လက်တည်ဆောက်ခွင့်မပြုဘဲ ပြန်လည်တည်ဆောက်ရမှာ ဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။ အဆိုပါအချက်များကို လိုက်နာဆောက်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ (NVS 004)