“အာဖရိကဝက် အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေး အသိပေး”
12 May
အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါ တစ်ခု ဖြစ်ပါတယ်။ အာဖရိကဝက်အပြင်းဖျားရောဂါသည် လူသို့ လုံးဝ(လုံးဝ) ကူးစက်ခြင်းမရှိဘဲ မိမိတို့မွေးမြူထားသော ဝက်များကို အဆိုပါရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးထားပါတယ်။ အာဖရိကဝက်အပြင်းဖျားရောဂါများကို ကြိုတင်ကာကွယ်မှုအနေနဲ့ ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ရန်၊ ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက် ရန်၊ ဝက်များကို စားသောက်ဆိုင်နှင့် အိမ်များမှ စားကြွင်းစားကျန်များကျွေးမည်ဆိုပါက အပူပြင်းပြင်းဖြင့် ချက်ပြုတ်ပြီးမှ ကျွေးမွေးရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်/အထွက် ထိန်းချုပ်ရန်၊ အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊ ဝက်ခြံများ၏အပူချိန်သည် စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေးဆောင်ရွက်ရန်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့် ဝက်များကို မိမိခြံရှိဝက်များနှင့်အတူ ထည့်သွင်းမွေးမြူခြင်းမပြုမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊ ပြည်ပမှတရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်မှထွက်ရှိသော ပစ္စည်းများဖြစ်တဲ့ ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားသော ဝက်မှထွက်ရှိတဲ့ပစ္စည်းများ တင်သွင်းခြင်း/ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှကာကွယ်ရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန် မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။ (NVS-004)