“အီတလီအိုးပင်း တတိယအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အိုဆာကာ”
12 May
အီတလီအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်ပွဲမှာ ဂျပန်တင်းနစ်မယ် အိုဆာကာ အနိုင်ရပြီး တတိယအဆင့်ကို တက်ခဲ့ပါတယ်။ ဒုတိယအဆင့်ပွဲအဖြစ် အိုဆာကာဟာ ဆီဒင်အဆင့် ၉ ရထားတဲ့ စပိန်တင်းနစ်မယ် ဘာဒိုဆာ နဲ့ ယှဉ်ပြိုင်ရဖို့ ရှိပေမယ့် ပွဲမကစားခင် ၁ နာရီခွဲအလိုမှာ ဘာဒိုဆာက ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲကနေ ထွက်သွားခဲ့လို့ ဆွစ်ဇာလန်တင်းနစ်မယ် ဂိုလူဘစ်က အစားထိုးဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ ၂၀၂၁ ဩစတြေးလျအိုးပင်းနောက်ပိုင်း ပထမဆုံး ချန်ပီယံဆုအဖြစ် စိန့်မာလို ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အိုဆာကာ ဟာ အခုပြိုင်ပွဲမှာလည်း ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန်က တစ် နာရီခွဲနီးပါးသာ ကြာမြင့်ခဲ့ပြီး ပွဲအပြီးမှာ အိုဆာကာက ၂း၆၊ ၇း၅၊ ၆း၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တတိယ အဆင့်မှာတော့ အိုဆာကာဟာ ချက်ဇ်တင်းနစ်မယ် ဘော့ဇ်ကိုဗာနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲကနေ ဒဏ်ရာကြောင့် ထွက်ခဲ့ရတဲ့ ဘာဒိုဆာအနေနဲ့ကတော့ မကြာခင် ကျင်းပတော့မယ့် ပြင်သစ် အိုးပင်းပြိုင်ပွဲအမီ ဒဏ်ရာသက်သာစေဖို့ အလျင်အမြန် ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။ (NVS 008)