“အစ္စတန်ဘူမြို့၌ ယူကရိန်းနှင့်တိုက်ရိုက်ဆွေးနွေးရန် ပူတင်အဆိုပြု”
12 May
အစ္စတန်ဘူမြို့၌ ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးပွဲကို မေလ ၁၅ ရက်တွင် ပြန်လည်စတင်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင် က အဆိုပြုလိုက်ကြောင်း သိရသည်။ ပူတင်သည် ရုရှားနိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်ခဲ့ သည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လေးရက်ကြာ ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက်တွင် ယခုကဲ့သို့အရေးကြီးသော ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းဘက်က ငြင်းဆိုမှုကြောင့် ပျက်စီးခဲ့ရ သည့် နှစ်နိုင်ငံကြားတိုက်ရိုက်ဆွေးနွေးမှုများကို ကြိုတင်သတ်မှတ်ချက်များမထားရှိဘဲ ပြန်လည် စတင်သွားမည် ဖြစ်ကြောင်း၊ ယခင်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည့် အစ္စတန်ဘူမြို့၌ပင် ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင် မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ရုရှားဘက်ကဆွေးနွေးမှုများ လုပ်ဆောင်ရန်အသင့်ရှိကြောင်း၊ ထိုသို့ ဆွေးနွေးမှုများလုပ်ဆောင်ရန် စိတ်အားထက်သန်နေရခြင်းသည် ယူကရိန်းပဋိပက္ခဖြစ်ပွားရသည့် မူလဇာစ်မြစ်ကို ဖယ်ရှားရှင်းလင်းရန် ဖြစ် ကြောင်း ပူတင် က ပြောထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။