“ငလျင်ဒဏ်သင့်ဒေသများရှိ ထိခိုက်ပျက်စီးမှုများကို သွားရောက်လေ့လာနိုင်”

12 May

ပြည်တွင်းပြည်ပခရီးသည်များအနေနဲ့ မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို လေ့လာကြည့်ရှုနိုင်ရန် ငလျင်ဒဏ်သင့်ဒေသများသို့ ယခင်ကအတိုင်း သွားလာလည်ပတ်နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။ မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်းပြည်ပခရီးသည်များက သွားရောက်လေ့လာ ကြည့်ရှုကြခြင်းဖြင့် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်တဲ့ ဗဟုသုတများ ရရှိစေနိုင်တဲ့အပြင် ယင်းဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး ဒေသခံများရဲ့ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများ တိုးပွားရရှိစေနိုင်ကာ ဒေသရဲ့အကျိုးစီးပွားကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ယခုအခါ ငလျင်ဘေးသင့်ရာဒေသများမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်တွင်း/ပြည်ပမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် မြန်မာပြည်သူ/ပြည်သားများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြပြီး အဆိုပါဒေသများ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမရှိသော ဟိုတယ်များ၊ ခရီးသွား အေဂျင်စီ များ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များအနေဖြင့် ပုံမှန်အတိုင်းလုပ်ငန်းများ ပြန်လည်လည်ပတ်ဆောင်ရွက် လျက်ရှိတဲ့အတွက် ပြည်တွင်းပြည်ပခရီးသည်များအနေဖြင့် ငလျင်ဘေးသင့်ရာဒေသများနှင့် မြန်မာနိုင်ငံရဲ့ ခရီးစဉ် ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ယခင်ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်ပြီး ခရီးသည်များအနေနဲ့ သက်ဆိုင်ရာဒေသအာဏာပိုင်များထံမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ကြေညာချက်များကို တရားဝင်သတင်းများ မှ စောင့်ကြည့်လေ့လာကြရန်နှင့် ခရီးစဉ်အတွင်း ဒေသဆိုင်ရာညွှန်ကြားချက်များကို လိုက်နာကြရန်လည်း အသိပေး ထုတ်ပြန်ထားရှိပါတယ်။ (NVS 004)

12 May

ADVERTISE HERE .