ရမန်းချောင်း ကြိုးပြင်ကာကွယ်တောသတ်မှတ်
11 May
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန က ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၃၇၇၁ ဧကရှိသောနယ်မြေကို “ရမန်းချောင်းကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာ စာအမှတ်(၄၄/၂၀၂၅)အရ ၁၃၈၇ ခုနှစ် ကဆုန်လဆန်း ၄ ရက်၊ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာထားရှိပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အပူပိုင်းဒေသ၏ သဘာဝတောကျန် များအား ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသကို အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှု ကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသက်သာ စေရန်၊ မြေဆီလွှာတိုက်စားမှုများကို တားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါတယ်။ ရမန်းချောင်းကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ အင်၊ ထောက်ကြံ့၊ နီပစေး၊ နဘဲ၊ တရော်၊ ပိုးမဲဇာ၊ သစ်စေး၊ ဆီးဖြူ စသည့်သစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ တောဝက်၊ ယုန်၊ ရှဉ့်၊ ချိုး၊ ခါစသည့် တိရစ္ဆာန်ငယ် များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး အပူပိုင်းဒေသထွက် သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိလာနိုင်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးအတွက် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာတိုးတက်ကောင်းမွန်လာခြင်း၊ မြေအောက်ရေ ထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။(NVS 004)