အိန္ဒိယနှင့်ပါကစ္စတန်တို့က ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ပြီ
11 May
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၁၀ ရက်တွင်ပြောသည်။ “အမေရိကန်ပြည်ထောင်စုရဲ့ ကြားဝင်ဖျန်ဖြေပေးမှုနဲ့အတူ ညလုံးပေါက်ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့က အပြည့်အဝ ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာကြေညာအပ်ပါတယ်။ အသိဉာဏ်ပညာကို အသုံးချနိုင်ခြင်းအတွက်လည်း နှစ်နိုင်ငံစလုံးကို ဂုဏ်ယူ ပါတယ်” ဟု ထရမ့် က လူမှုကွန်ရက်တွင် ရေးထားခြင်းဖြစ်သည်။ အဆိုပါနှစ်နိုင်ငံကြားတွင် တစ်နိုင်ငံ၏စစ်ရေးပစ်မှတ်များကို တစ်နိုင်ငံက ပစ်မှတ်ထားသည့် အပြန်အလှန် တိုက်ခိုက်မှုများ လေးရက်မြောက်နေ့သို့ ရောက်လာပြီးနောက် ယခုကဲ့သို့အပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ချက်ချင်းအသက်ဝင်မည့် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူ လိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောထားသည်။ ဧပြီလ ၂၂ ရက်တွင် ပါဟယ်ဂမ်မြို့၌ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၆ ဦး သေဆုံးပြီးနောက် အိန္ဒိယက ပါကစ္စတန်အပေါ်အပြစ်ဖို့ကာ ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများ၏ ပစ်မှတ်များကို အိန္ဒိယကတိုက်ခိုက်ခဲ့သည်။ ယင်းနောက်တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွား လာခြင်းဖြစ်သည်။ အိန္ဒိယနှင့်ပါကစ္စတန်တို့သည် မေလ ၁၀ ရက် ညနေငါးနာရီမှစ၍ နှစ်ဖက်အပစ်အခတ် ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း နှစ်ဖက်လုံးကအတည်ပြုပြောကြားခဲ့သည်။ မေလ ၁၂ ရက် နေ့လည်ပိုင်းတွင် အိန္ဒိယနှင့် ပါကစ္စတန် နှစ်ဖက်လုံးမှ ထိပ်တန်းစစ်ရေးအရာရှိများ တွေ့ဆုံဆွးနွေးရန်လည်း သဘောတူခဲ့ကြောင်း သိရသည်။