အောင်နိမိတ်ဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်

10 May

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း ကျရောက်နေသော ဧရိယာအကျယ်အဝန်း ၂၈,၃၉၂ ဧက ရှိတဲ့ နယ်မြေကို "အောင်နိမိတ်ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၅) အရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်(၁၃၈၇ ခုနှစ် ကဆုန်လဆန်း ၄ ရက်) မှစတင်၍ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့ စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ် ခံစားရမှုများကို သဘာဝအစိမ်းရောင် တံတိုင်းကြီးများ သဖွယ်ကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့စေရေးကို အထောက်အကူပြုနိုင်ရန်၊ ဒေသခံပြည်သူများအတွက် ငါး၊ ပုစွန်၊ ကဏန်း အစရှိတဲ့ ရေသယံဇာတများကို စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေဝင်ရောက်မှုများမှ တားဆီးကာကွယ်နိုင်ရန်နှင့် ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ အဆိုပါ အောင်နိမိတ်ဒီရေတော ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဒီရေတောသစ်မျိုးများဖြစ်သည့် သမဲ့၊ လမု၊ သရော၊ ကန့်ပလာ၊ သခွတ်၊ ရေခရား သစ်မျိုးများကို ထိန်းသိမ်းနိုင်ခြင်း၊ ငါးမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံတို့၏ ရှင်သန်ပေါက်ဖွားရာ ဂေဟစနစ်များ ပိုမိုကောင်းမွန်လာစေခြင်း၊ ဘုတ်၊ တင်ကျီးငှက်၊ ဗျိုင်း၊ ငှက်ကျား၊ ခရုစုပ်ငှက်၊ ဘီလုံးငှက်၊ စင်ရော်ငှက် စတဲ့ ငှက်မျိုးများ၏ နေရင်းဒေသကို ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနိုင်ခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ် တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများ ရရှိလာနိုင်မှာ ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။(NVS 004)

10 May

ADVERTISE HERE .