ဒီဘရိုင်း ရဲ့ရုပ်တုကို မန်စီးတီးကွင်းရှေ့တွင် ဂုဏ်ပြုထားရှိမည်

09 May

မန်စီးတီးအသင်းက ယခုနှစ် ဘောလုံးရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်း ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းရဲ့ရုပ်တုကို မန်စီးတီးကွင်းရှေ့တွင် ထားရှိဂုဏ်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။ ဒီဘရိုင်း နဲ့ မန်စီးတီးအသင်းတို့ စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာမှာဖြစ်ကြောင်း ဒီဘရိုင်း က အတည်ပြုထားပါတယ်။ ဒီဘရိုင်း ဟာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှာ ဝုဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသနိုင်ခဲ့ကာ မန်စီးတီးအသင်းကို ဥရောပ ထိပ်တန်း အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ရာမှာ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီဘရိုင်း အနေနဲ့ မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပ စူပါဖလား၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားအပါအဝင် ဆုဖလား ၁၆ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၁၈ ပွဲတွင် ၁၀၆ ဂိုး သွင်းယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံး ကွင်းလယ် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အသင်းရဲ့ဂန္ထဝင်ကစားသမား တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ အတွက် မန်စီးတီးအသင်းက ၎င်းရဲ့ရုပ်တုကို အသင်းအိမ်ကွင်းရှေ့တွင် ထားရှိဂုဏ်ပြုခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

09 May

ADVERTISE HERE .