“စက်မှုဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦးအား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်”

09 May

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မေလ ၈ ရက်က စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်မှုဝန်ကြီးဌာန ဝန်ထမ်းများ၏သားသမီးများအနက် နေပြည်တော်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ပြန်လည် ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦးရှိပြီး နေပြည်တော်တွင် ၃၄ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၂ ဦး၊ ကချင်ပြည်နယ်တွင် သုံးဦးရှိကြောင်း၊ မိမိတို့ ဝန်ထမ်းသားသမီးများအားလုံး ရာနှုန်းပြည့် ပြန်လည်ဖြေဆိုကြရန်နှင့် အောင်ချက်မြင့်မားရေးအတွက် မိဘများနှင့်ဌာနအကြီးအကဲများက လိုအပ်သည် များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦးကို တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေး သွားမှာဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်များ၏ ပညာအရည်အသွေးတိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်အစိုးရက အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တတ်စွမ်းနိုင်သမျှ ကူညီပံ့ပိုး ပေးလျက်ရှိလို့ ကျောင်းသား၊ ကျောင်းသူများအားလုံးအနေနဲ့ ယခုပြန်လည်ဖြေဆိုရမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ သဘောထားပြီး အဆင့်မြင့်မြင့်အောင်မြင်မှုရှိစေရန်အတွက် အားသွန်ခွန်စိုက် ကြိုးစား၍ ပြန်လည်ဖြေဆိုကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီကို ထောက်ပံ့ငွေများ ချီးမြှင့်ပေး အပ်ခဲ့ပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ စက်မှုဝန်ကြီးဌာန ဝန်ထမ်းသားသမီးများမှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာဦးစီးလုပ်ငန်းများမှတစ်ဆင့် ချီးမြှင့်ပေးအပ်သွားမယ်လို့ သိရပါတယ်။ (NVS-004)

09 May

ADVERTISE HERE .