“ရန်ကုန်ရှိပုဂ္ဂလိကကျောင်းများကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်များထုတ်ပေး”

09 May

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျောင်းများကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်များ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့မှ သိရပါတယ်။ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးခြင်းကို မေလ ၇ ရက်က အလုံမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားမှာ ရန်ကုန် တိုင်းဒေသကြီး ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဝင်များမှ အဆင့်မြင့်ပညာကဏ္ဍဆိုင်ရာ အကြောင်းအရာများ၊ ပုဂ္ဂလိကပညာရေးဥပဒေများနှင့် လက်တွေ့ဆောင်ရွက်မှုအခြေအနေများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ကျောင်းများနှင့်ပတ်သက်၍ သိရှိလိုက်နာနိုင်ရန် အချက်အလက်များ၊ ပုဂ္ဂလိက ပညာရေးရဲ့ ဆရာအတတ်ပညာသင်တန်းများဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြား၍ မှတ်ပုံတင် လက်မှတ်များကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာအဖွဲ့ဝင်များ၊ ပုဂ္ဂလိကကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရပါတယ်။၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် College ၄၆ ကျောင်း၊ International School ၁၁၁ ကျောင်း၊ အမျိုးသားသင်ရိုးဖြင့် သင်ကြားသည့် ပုဂ္ဂလိကအခြေခံပညာကျောင်း ၃၂၄ ကျောင်း၊ စုစုပေါင်း ၄၈၁ ကျောင်းဖွင့်လှစ်ခွင့် ပြုခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များ ထက် ကျောင်းအရေအတွက် ပိုမိုများပြားကြောင်း သိရပါတယ်။ (NVS 004)

09 May

ADVERTISE HERE .