“ပြည်တွင်းရေငန်တိုက်ဂါးပုစွန်များ ပြည်ပဈေးကွက်မှာ အရောင်းအဝယ်သွက်နေ”

08 May

မြန်မာ့ရေသယံဇာတထွက်ကုန်များကို ပြည်တွင်းစားသုံးမှု ဖူလုံစေရန်နှင့် ပြည်ပပို့ကုန်မှ နိုင်ငံခြားငွေရရှိရန် ရေချိုမွေးမြူမှုနှင့် ရေငန်ဖမ်းဆီးမှုတို့ဖြင့် ထုတ်လုပ်ဖြန့်ချိတင်ပို့လျက်ရှိရာ မြန်မာ့ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော ရေငန် တိုက်ဂါးပုစွန်များ တစ်ပိဿာလျှင် ငွေကျပ်နှစ်သိန်းခန့်ဖြင့် ပြည်ပပို့ကုန်ဈေးကွက်မှာ အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းရာသီပိတ်သိမ်းမည့် မေလ ၁ ရက်မတိုင်မီ ငါးဖမ်းစက်လှေများဖြင့် ရန်ကုန်မြို့ရှိ စံပြငါးဈေး၊ ရွှေပိတောက်ငါးဈေးနှင့် အခြားသောဆိပ်ကမ်းများသို့ ရေငန်ပုစွန်နှင့် ပင်လယ်ငါးမျိုးစုံနဂါးပွက်တောင်တွင် ဝင်ရောက်ခဲ့ပြီး မြန်မာ့ပင်လယ်ပြင်မှရရှိတဲ့ တိုက်ဂါးပုစွန်နှင့် မြိတ်ကျွန်းစုတွင် မွေးမြူထုတ်လုပ်လျက်ရှိသည့် ပနားမီး ပုစွန်ဖြူတို့ကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပါတယ်။ ပင်လယ်ပြင်မှဖမ်းဆီးရရှိသည့် အနီရောင် တိုက်ဂါး ပုစွန်ကိုတော့ ပြည်ပလေးနိုင်ငံသို့ တင်ပို့လျက်ရှိကာ မြိတ်ကျွန်းစုတွင်မွေးမြူသည့် ပနားမီးပုစွန်ဖြူအား တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပါတယ်။ အဆိုပါ တိုက်ဂါးပုစွန်များကို ရန်ကုန်မြို့ရှိ အအေးခန်းစက်ရုံများတွင် အေးခဲပြီး တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိပါတယ်။ ငါးဖမ်းရာသီ မေလနှင့် ဇွန်လ နှစ်လတာပိတ်ထားချိန်၌ အအေးခန်းစက်ရုံများတွင် သိုလှောင်ထားရှိကာ ပြည်ပမှ မှာကြားမှုအပေါ်မူတည်၍ တိုက်ဂါးပုစွန်များကို တင်ပို့လေ့ရှိပြီး ဈေးကောင်းရရှိလျက် ရှိပါတယ်။ မြန်မာ့ပင်လယ်ပြင်မှ ဖမ်းဆီးရရှိသည့် ဝှိုက်ပုစွန်၊ ပင့်ပုစွန်နှင့် ရွှေလီပုစွန်တို့ကိုလည်း ပြည်ပသို့တင်ပို့လေ့ရှိပြီး အရသာကောင်းမွန်သော အနီရောင်တိုက်ဂါးပုစွန်များကို ပြည်ပနိုင်ငံများမှ နှစ်ခြိုက်ကြသဖြင့် ဈေးကောင်းရရှိတဲ့ ရေထွက်ကုန်တစ်ခုအဖြစ် ရေငန်ပုစွန်ဈေးကွက်၌ နေရာရနေခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ (NVS-004)

08 May

ADVERTISE HERE .