“ပါကစ္စတန်နိုင်ငံရှိ အကြမ်းဖက်သမားများ၏ စခန်းကိုးခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း အိန္ဒိယ ပြောကြား”

08 May

ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင်တည်ရှိသည့် အကြမ်းဖက်သမားများ၏ စခန်းကိုးခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယအစိုးရက မေလ ၇ ရက်တွင် ပြောကြားသည်။ ဧပြီ ၂၂ ရက် က ဖြစ်ပွားသည့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ ပါဟယ်လ်ဂမ်ဒေသတိုက်ခိုက်မှုတွင် စုစုပေါင်း ၂၆ ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် နှစ်နိုင်ငံအကြားဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။ အော်ပရေးရှင်းဆင်ဒိုးဟု အမည်ရသည့် ၎င်းစစ်ဆင်ရေးအတွင်း အိန္ဒိယတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ရှိ အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ မိမိတို့၏တိုက်ခိုက်မှုများတွင် ချိန်ဆဆောင်ရွက်ခဲ့သဖြင့် ပါကစ္စတန်တပ်မတော်ဆိုင်ရာ ပစ်မှတ်များကို ထိမှန်ခြင်းမရှိကြောင်းနှင့် အကြမ်းဖက်သမားများကိုသာ တိုက်ခိုက်ချေမှုန်းခြင်းဖြစ်ကြောင်း အိန္ဒိယတပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။ အိန္ဒိယတပ်မတော်က ပါကစ္စတန်နိုင်ငံရှိ ဒေသခြောက်ခုအား တိုက်ခိုက်ခဲ့ရာတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် ဒေသခံနှစ်ဆယ့်ခြောက်ဦး သေဆုံးကြောင်း ပါကစ္စတန် တပ်မတော်မီဒီယာ အဖွဲ့က ပြောကြားသည်။ ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသနှင့် ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများကို အိန္ဒိယတပ်မတော်က တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်တပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ရှာရစ်ချောင်ဒရီ က မီဒီယာများအား ပြောကြား သည်။ ဖြစ်စဉ်အတွင်း အိန္ဒိယတပ်မတော်မှ တိုက်လေယာဉ်ငါးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ အိန္ဒိယတပ်မတော်က ယခုဖြစ်စဉ်အတွင်း ပါကစ္စတန်ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ Muzaffarabad ခရိုင်ရှိ Neelum-Jhelum ရေအားလျှပ်စစ်စီမံကိန်း၏ Nausari ဆည်ကို ပစ်မှတ်ထားပြီး တိုက်ခိုက် ခဲ့ကြောင်းနှင့် ရေအားလျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံကို တိုက်ခိုက်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

08 May

ADVERTISE HERE .