ရုရှားနိုင်ငံက အိုင်အက်စ်အုပ်စုကိုချေမှုန်းရာတွင် တာလီဘန်အာဏာပိုင်များကိုကူညီမည်ဟု ပြောကြား
04 May
အာဖဂန်နစ္စတန်၌ အခြေစိုက်ထားသော အစ္စလာမ္မစ်အကြမ်းဖက်အုပ်စု(အိုင်အက်စ်)ကို ချေမှုန်းရာတွင် တာလီဘန်အာဏာပိုင်များကို ကူညီမည်ဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ရုရှားအထူးသံတမန် ဇာမီယာ ကာဘူလော့ဗ် က မေလ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အာဖဂန်၌ အခြေစိုက်ထားသော အစ္စလာမ္မစ်နိုင်ငံ ခိုရာဆန်အုပ်စုသည် ရုရှားနိုင်ငံနှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံ လုံးအတွက် ဘုံရန်သူဖြစ်ကြောင်း ဇာမီယာ ကာဘူလော့ဗ် က ရုရှားပြည်တွင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ဖြစ်ရာ အစ္စလာမ္မစ်နိုင်ငံ ခိုရာဆန်အကြမ်းဖက်အုပ်စုကို ချေမှုန်းရာတွင် မိမိတို့အနေဖြင့် တာလီဘန်အာဏာပိုင်များကို ကူညီမည်ဖြစ်ကြောင်း ကာဘူလော့ဗ် က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းဖြစ်ပွားခဲ့သော လူပေါင်း ၁၄၅ ဦး သေဆုံးခဲ့ရသည့် မော်စကို တေးဂီတဖျော်ဖြေပွဲ အကြမ်းဖက်တိုက်ခိုက်မှုအပါအဝင် အာဖဂန်အခြေစိုက် အစ္စလာမ္မစ်အကြမ်းဖက်အုပ်စု၏ တိုက်ခိုက် မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် အာဖဂန်နစ္စတန်အား စတင်ထိန်းချုပ်ခဲ့သော တာလီဘန်အုပ်စုကို ရုရှားအပါအဝင် မည်သည့်ကမ္ဘာ့နိုင်ငံကမှ အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် အမှတ်မပြုသေးကြောင်း သိရသည်။ သို့ရာတွင် ရုရှားနိုင်ငံသည် တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုရန် ပြင်ဆင်သည့်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်း များစာရင်းမှ တာလီဘန်အုပ်စုကို ဖယ်ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။