အီရန်မှ ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများ ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန်ထုတ်ပြန်

03 May

အီရန်နိုင်ငံမှ ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများသည် ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်တွင် ရေးထားသည်။ အီရန်၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်နှင့်အီရန်တို့ကြား ဆွေးနွေးမှုများလုပ်ဆောင်နေစဉ် အမေရိကန်အစိုးရက ယခုကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။ အကယ်၍ အမေရိကန်အနေဖြင့်ပိတ်ဆို့မှုများကိုဖြေလျှော့ပေးပါက ၎င်းတို့၏ နျူကလီးယားအစီအစဉ်များကို စစ်ဘက်အတွက်အသုံးမပြုရန် ဆန္ဒရှိကြောင်း အီရန် အစိုးရကပြောထားသည်။ သို့သော် အီရန်နိုင်ငံနှင့်ရေနံကုန်သွယ်မှုလုပ်သော နိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် မည်သို့ သော ပုံစံ၊ နည်းလမ်းဖြင့်မဆိုစီးပွားရေးလုပ်ခွင့် မရှိကြောင်း၊ ထို့ကြောင့် အီရန်မှရေနံနှင့် ရေနံထွက်ကုန်ပစ္စည်း များဝယ်ယူမှုကို ချက်ချင်းရပ်တန့်သင့်ကြောင်း ထရမ့်က မေလ ၁ ရက်တွင် လူမှုကွန်ရက်၌ရေးထားသည်။ ကုမ္ပဏီ ခုနစ်ခုက အီရန်မှရေနံနှင့်ရေနံ ထွက်ကုန်ပစ္စည်းများကို တရားမဝင်ကုန်သွယ်မှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က ထိုကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက် ထရမ့် က ယခုကဲ့သို့ပြောလာခြင်း ဖြစ်သည်။ ထိုကုမ္ပဏီများတွင် ယူအေအီးနိုင်ငံအခြေစိုက်ကုမ္ပဏီခြောက်ခုနှင့် တူကီယဲ နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုတို့ပါဝင်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

03 May

ADVERTISE HERE .