“ဆန်စပါးအသင်းချုပ်အနေနဲ့ ငလျင်ဘေးသင့်ဒေသများမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးမှ ပြန်လည် ထူထောင်ရေးအဆင့်သို့ ကူးပြောင်းဆောင်ရွက်"
02 May
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ငလျင်ဒဏ်သင့်ဒေသများမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းသို့ ကူးပြောင်းဆောင်ရွက်မည်ဖြစ်ကြောင်း MRF မှ အသိပေးထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်တဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့ရှိ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်ရန် MRF Operation AID (Action in Disaster) အစီအစဉ်ကို ဧပြီလ ၁ ရက်ကနေစတင်ခဲ့ပြီး အသင်းချုပ်မှ ရန်ပုံငွေကျပ်သိန်း ၁၅,၀၀၀ ကို ထည့်ဝင်ထူထောင်ကာ ညီနောင်အသင်းများ၊ အသင်းဝင်များ၊ စေတနာရှင်မိတ်ဆွေများ၏ ထည့်ဝင် လှူဒါန်းမှုများနှင့် စုပေါင်း၍ ဧပြီလ ၁ ရက်မှ စတင်ကာ ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာဖြန့်ဖြူးထောက်ပံ့ရေးနှင့် လုပ်အားပေးကူညီရေးစသော Humanitarian and Disaster Relief လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ယခုအခါအသင်းချုပ်ရဲ့ MRF Operation AID အစီအစဉ်အနေနဲ့ မေလ ၁ ရက်မှစတင်ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အဓိကအလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဦးစားပေးဆောင်ရွက်မယ့် လုပ်ငန်းစဉ်များမှာ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ဆန်စပါးနှင့် ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချမှု ကွင်းဆက်မှာပါဝင်တဲ့ Stake Holder များကို ၎င်းတို့ရဲ့ လိုအပ်မှုများကို စိစစ်၍ သင့်တင့်မျှတသော ကူညီထောက်ပံ့မှု များပေးခြင်း၊ လယ်ယာကဏ္ဍနှင့်သက်ဆိုင်သောအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၏ ဝန်ထမ်းမိသားစုများကို အကူအညီပေးခြင်း၊ ပြန်လည်ထူထောင်ရေးမှာ အစိုးရဌာနများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရပါတယ်။ MRF Operation AID အစီအစဉ်၏ အရေးပေါ် ကူညီကယ်ဆယ်ရေးအဆင့်တွင် MRF Operation AID နှင့်အတူချက်ချင်းကူညီပံ့ပိုးကြသော လှူဒါန်းသူများနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၊ လုပ်အားပေး လူငယ် မောင်မယ် များနှင့် ပါဝင်ကူညီသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာလည်း MRF နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။ (NVS 004)