“ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၁ သန်းကျော်ရရှိခဲ့”

28 Apr

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုများအနက် ငါးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၂၁ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနစာရင်းများအရ သိရပါတယ်။ အဆိုပါ တင်ပို့မှုဟာ ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ငါးမက်ထရစ်တန် ၄ သိန်း နီးပါး တင်ပို့နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးတင်ပို့မှုအနေနဲ့ မက်ထရစ်တန် ၃၉၃,၁၇၄ ဒသမ ၅၄၅ တန် တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၄၂၁ ဒသမ ၉၄၂ သန်း ရရှိခဲ့ပါတယ်။ ပြည်ပငါးတင်ပို့မှုအနေနဲ့ ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၁၇၆,၆၂၄ ဒသမ ၅၅၆ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၃၃၂ သန်း ရရှိခဲ့ကာ၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၂၁၆,၅၄၉ ဒသမ ၉၈၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈၀ ဒသမ ၆၁ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းက ငါးတင်ပို့မှု တန်ချိန်ပေါင်း ၃ သိန်းခွဲ ခန့်ရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာတော့ ယခင်နှစ်ထက် တန်ချိန်ပေါင်း ၄၈,၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်သလို အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၈၅၇ သန်းပိုမိုရရှိခဲ့ပါတယ်။ ပြည်တွင်းမှထွက်ရှိတဲ့ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုအနေနဲ့ ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန်များကို ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်ကို ရန်ကုန်မြို့မှ တစ်ဆင့်ပုံမှန်တင်ပို့နေတဲ့အပြင် နယ်စပ်ကုန်သွယ်ရေးမှ တိုက်ရိုက်တင်ပို့နေလျက်ရှိပါတယ်။ (NVS 004)

28 Apr

ADVERTISE HERE .