"အောင်လံမြို့ ဆီစက်လုပ်ငန်းများ FDA လက်မှတ်လျှောက်ထားသူ ပိုများလာ"
28 Apr
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ ရှိဆီစက်လုပ်ငန်းရှင်တွေအနေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေ ပိုမိုထုတ်လုပ်ရောင်းချနိုင်ရေးအတွက် FDA ထောက်ခံချက်လက်မှတ်ရရှိရေးလျှောက်ထားသူ ပိုမိုများပြားလာတယ်လို့ ဆီစက်လုပ်ငန်းရှင်တွေထံကသိရပါတယ်။ အရင်က FDA အသိအမှတ်ပြုလက်မှတ်လျှောက်ထားရမှာကို မသိရှိဘဲ နောက်ပိုင်းမှသာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာတဲ့အတွက် လျှောက်ထားလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ FDA အသိအမှတ်ပြုလက်မှတ်ရဖို့အတွက် ဆီကြိတ်ခွဲထုတ်လုပ်ခြင်းတွေကို သတ်မှတ်ချက်တွေနဲ့ ဆောင်ရွက်ရတယ်လို့ အောင်လံမြို့က ဆီစက်ပိုင်ရှင်တစ်ဦးထံ ကနေ သိရပါတယ်။ အခုအခါ အောင်လံမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် ဆီစက်လုပ်ငန်းလုပ်ကိုင်သူဦးရေ ပိုမိုများပြားလာနေပြီးမြေပဲဆီနဲ့ နှမ်းဆီကိုကြိတ်ခွဲရောင်းချကြတာ ဖြစ်ပါတယ်။ FDA ထောက်ခံချက်လက်မှတ်ရရှိတဲ့ ဆီစက်တွေက ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ မြေပဲဆီတွေဟာ စျေးကွက်မှာ ဝယ်ယူစားသုံးသူ ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ အခုအောင်လံမြို့မှာမြေပဲဆီတစ်ပိသာ ၁၆,၀၀၀ ကျပ်နဲ့ နှမ်းဆီ တစ်ပိသာ ၁၅,၀၀၀ ကျပ်ရှိပြီး မြေပဲဆီကို အများဆုံးဝယ်ယူစားသုံးကြတယ်လို့ သိရပါတယ်။ (NVS 004)