သင်္ကြန်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မညီသည့်လုပ်ရပ်များ၊ ကြမ်းတမ်းစွာ ရေဆော့ကစားခြင်းများကို ရှောင်ကြဉ်ရန် နှိုးဆော်ထုတ်ပြန်
13 Apr
မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ့ယဉ်ကျေးမှုနှင့်မညီသည့် လုပ်ရပ်များ၊ ကြမ်းတမ်းစွာ ရေဆော့ကစားခြင်း များကို ရှောင်ကြဉ်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ နှိုးဆော်ထုတ်ပြန်ထားပါတယ်။ နှိုးဆော်ချက်အရ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၂ ရက်မှ ၄ ရက်ဟာ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော်ဖြစ်လို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပင်ပန်းနွယ်နယ်သမျှကို လန်းဆန်းစေခြင်းနှင့် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်သည့် မမြင်မတင့်တယ်သည့် နေထိုင်ပြုမူမှုများ၊ ဘာသာတရားအဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ၊ သူတစ်ပါးအား ဒဏ်ရာ အနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေမည့် ကြမ်းတမ်းသည့်ရေကစားမှုများ၊ ထိပါးနှောက်ယှက်မှုများကို ရှောင်ကြဉ်ကြရန်၊ သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း လှုပ်ရှားဆောင်ရွက်ခြင်း စသည့်အပြုအမူများ ရှောင်ကြဉ်ရန်၊ အမြင်အာရုံမှာ အနှောင့်အယှက်ဖြစ်စေသည့် မြန်မာ့ယဉ်ကျေးမှုအလွန် ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ခြင်းမှ ဆင်ခြင်ရှောင်ကြဉ်ရန်နှင့် အခြားနိုင်ငံသားများက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာ သင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသည့် စရိုက်လက္ခဏာများ၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများကို ဆင်ခြင်ရှောင်ကြဉ်ကြရန် တို့ကိုထည့်သွင်းနှိုးဆော်ထားပါတယ်။(NVS 004)