“မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ငလျင်ဒဏ်သင့်ဒေသများအတွက် ဆန်များရောင်းချပေးမည်”

09 Apr

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသများသို့ လှူဒါန်းနိုင်ရန်အတွက် အကျိုးအမြတ် မယူသော ဈေးနှုန်းနဲ့ "ကူဖို့လှူဖို့ ဝယ်ယူစို့" အစီအစဉ်မှာ ရောင်းချပေးမယ်လို့ အသိပေးကြေညာထားပါတယ်။ “ကူဖို့လှူဖို့ ဝယ်ယူစို့” အစီအစဉ်မှ ရောင်းချထားတဲ့ ဆန်များကို (အလှူရှင်များဝယ်ယူထားသော) စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ ငလျင်ဒဏ်သင့်ဒေသများသို့ အခမဲ့ပို့ဆောင်ပေးမှာ ဖြစ်တဲ့အတွက် စေတနာရှင်များ အနေနဲ့ လာရောက်ဝယ်ယူနိုင်ကြောင်း အသိပေးဖိတ်ခေါ်ထားပါတယ်။ ဆေးဝါးနှင့် အခြားအထွေထွေပစ္စည်းများကို ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ စေတနာရှင်များမှ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သင့်လျော်သော လုပ်ငန်းရှင်များက ဧပြီလ ၈ ရက်နှင့် ၉ ရက်မှာ FORTUNE PLAZ A မှာ နံနက် ၉ နာရီခွဲမှ ညနေ ၆ နာရီခွဲထိ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရန်အတွက် အထောက်အကူပြုပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများနှင့် လှူဒါန်းလိုသော စေတနာရှင်များကို ချိတ်ဆက်ပေးနိုင်ရန်ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ လိုအပ်လျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်လအထည်၊ ဆေးဝါးနှင့် အခြားအထွေထွေပစ္စည်း များကို ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ စေတနာရှင်များမှ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သင့်လျော်သော လုပ်ငန်းရှင်များက ၎င်းတို့၏ ထုတ်ကုန်များကို လာရောက်ပြသ၍ အကျိုးအမြတ်မယူသော ဈေးနှုန်းနဲ့ ရောင်းချပေးနိုင်ရန်အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်အသင်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန် မြန်မာဒီဂျစ်တယ် စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း (MDEA) က ဖိတ်ခေါ်ထားပါတယ်။ (NVS 004)

09 Apr

ADVERTISE HERE .