"ဧပြီလ ၇ ရက်အထိ ငလျင်ကြောင့် သေဆုံးသူ ၃,၆၀၀ ဦးရှိလာ"
08 Apr
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ဧပြီလ ၇ ရက်အထိ သေဆုံးသူ ၃,၆၀၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅,၀၁၇ ဦး၊ ပျောက်ဆုံးနေသူ ၁၆၀ ဦးရှိတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ပြောကြား ချက်အရ သိရပါတယ်။ ဒါ့အပြင်ကူညီကယ်ဆယ်မှုများအနေနဲ့ ဧပြီလ ၇ ရက်အထိ နိုင်ငံပေါင်း ၂၀ မှ လေယာဥ် ၉၄ ခေါက်၊ ကား ၆ စီး၊ သင်္ဘော ၅ စီးရောက်ရှိကူညီပြီးဖြစ်ကာ ကယ်ဆယ်ရေး ဝန်ထမ်းပေါင်း ၁,၇၃၈ ဦးစေလွှတ်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထောက်ပံ့ရေးပစ္စည်း ၁,၀၀၀ ကျော်၊ ကယ်ဆယ်ရေးပစ္စည်း ၈၄၄ တန်ကျော် ရောက်ရှိပြီးဖြစ်တယ်လို့ ပြောကြားချက်အရ သိရပါတယ်။ ကူညီကယ်ဆယ်မှုများပြုလုပ်ရာမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့များနှင့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များပူးပေါင်း၍ အသက်ရှင်လျက် အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၃၁၅ ဦးတို့ကို ကယ်ထုတ် နိုင်ခဲ့ပြီး အမျိုးသား ၃၄၀ ဦး၊ အမျိုးသမီး ၃၆၀ ဦးတို့၏ ရုပ်အလော-င်းများကို သယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထို့အတူ မြန်မာ နိုင်ငံသို့ ရုရှား၊ တရုတ်၊ တရုတ်ဟောင်ကောင်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ UAE ၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖီလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူရကီ၊ အမေရိကန်၊ သီရိလင်္ကာ၊ ဟောင်ကောင် စတဲ့နိုင်ငံပေါင်း ၂၀ မှ ကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပေးခြင်း၊ ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ (NVS 004)