“ငွေကြေးယူကာ ရေပေးဝေနေတဲ့ မီးသတ်ကားများကို တိုင်ကြားနိုင်”
08 Apr
ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ ရေအခက်အခဲရှိနေတာကြောင့် မီးသတ်ကားများအနေဲ့ ငွေကြေးယူပြီး ရေပေးဝေတာကို တွေ့ရှိပါက တိုင်ကြားနိုင်တယ်လို့ မီးသတ်ဦးစီးဌာနရုံးချုပ်မှ သိရပါတယ်။ ငလျင်ဒဏ်ကြောင့် ရေအခက်အခဲဖြစ်ပါက မီးသတ်ဦးစီးဌာနတွေကို အကူအညီတောင်းခံနိုင်တယ်လို့လည်း နေပြည်တော်မီးသတ်ဦးစီးဌာနရုံးချုပ်ကနေ သိရပါတယ်။ လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ မီးသတ်ရေကားတစ်စီးကို ငွေကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ပေးနေရ တယ်လို့ သတင်းများထွက်ပေါ်နေတာကြောင့် အခုလိုတုံပြန်ပြောကြားခဲ့ခြင်းဖြစ်ပြီး ရေအကူအညီတောင်းခံလာပါက မီးငြိမ်းသတ်ဖို့ အသင့်အနေအထားနဲ့စုဖွဲ့ထားတဲ့ ရေကားတွေရှိတာကြောင့် ငလျင်ဒဏ်မသင့်တဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေက ရေကားတွေကို တောင်းခံဖြန့်ခွဲပေးနေတယ်လို့ သိရပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ လျှပ်စစ်မီးလိုင်း၊ ဆက်သွယ်ရေးစခန်းတွေကို အလျင်အမြန်ပြင်ဆင်နိုင်ခဲ့ပေမယ့် ရေပိုက် လိုင်းတွေကို ပြင်ဆင်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ရေပေးဝေရေးလုပ်ငန်းများ မလုပ်ကိုင်နိုင်သေးခင် အိမ်ရာတွေမှာ ရေအခက်အခဲရှိနေရာ မီးသတ်ရေကားတွေကို အကူအညီတောင်းခံနေရခြင်း ဖြစ်ပါတယ်။ (NVS 004)