“မတ်လ ၂၈ ရက်မှစတင်ကာ ငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၉၀ အထိလှုပ်ခတ်”
07 Apr
မတ်လ ၂၈ ရက်မှ စတင်ပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်အကြိမ်ပေါင်း ၉၀ အထိရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်မှာ မြန်မာနိုင်ငံ စစ်ကိုင်းမြို့ကို ဗဟိုပြုကာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီလ ၆ ရက်အထိ ငလျင်ငယ်ပေါင်း ၉၀ အထိ ဆက်လက်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၆ ရက် နံနက် ၇ နာရီ ကျော်မှ နေ့လယ် ၁၂ နာရီ ကျော်အထိ မြန်မာပြည်တွင်းကို ဗဟိုပြုကာ ငလျင် လှုပ်ခတ်မှု ၃ ကြိမ် ထပ်မံလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ နံနက် ၇ နာရီ ၁၉ မိနစ် အချိန်မှာ သံတောင်ကြီးမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၃ ဒသမ ၅ ရစ်ခ်ျတာ စကေးအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ဆက်လက်၍ နံနက် ၉ နာရီ ၄၇ မိနစ်အချိန်တွင် နေပြည်တော် ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့ အနောက်ဘက် ၆ မိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၃ဒသမ ၄ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးဇလက အသိပေးထားပါတယ်။ ဒါ့အပြင် နေ့လယ် ၁၂ နာရီ ၈ မိနစ်အချိန်မှာ သာစည်မြို့၏ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ၊ မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၃ ဒသမ ၈ ရစ်ခ်ျတာစကောင်း အဆင့်ရှိ ငလျင်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)