“အလှူရှင်များအနေနဲ့ ကုန်ခြောက်များကိုသာလှူဒါန်းကြရန် MOHS တိုက်တွန်း”
07 Apr
ငလျင်ဒဏ်သင့်ပြည်သူများကို အလှူရှင်များအနေနဲ့ အစားအသောက်များလှူဒါန်းရာမှာ ပြင်ဆင်ချက်ပြုတ် ထားသော အစားအသောက်မျိုးမဟုတ်ဘဲ ကုန်ခြောက်များကိုသာ လှူဒါန်းကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ထားပါတယ်။ အဆိုပါထုတ်ပြန်ချက်တွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များမှ ပြင်ဆင်ချက်ပြုတ် ထားသော အစားအသောက်များကို ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာအဆိပ်သင့်မှုကို ဖြစ်ပွားစေတဲ့ ရောဂါပိုးများ ပေါက်ပွားရှင်သန်နိုင်ခြင်း၊ စားသုံးရန်မသင့်သည့် အခြေအနေများသို့ ရောက်ရှိစေနိုင် ခြင်းနှင့် အဆိုပါအစားအသောက်များကို စားသောက်မိပါက အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ကာ ငလျင်ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် အလှူရှင်များအနေနဲ့ အစားအသောက်များ လာရောက်လှူဒါန်းရာမှာ ပြင်ဆင်ချက်ပြုတ်ထားသော အစားအသောက်များ လှူဒါန်းခြင်းမျိုးမပြုဘဲ စခန်းများမှာ နေထိုင်ကြသူများအနေနဲ့ ကိုယ်တိုင် ပူပူနွေးနွေး ချက်ပြုတ် ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည် တို့ကို ပေးပို့လှူဒါန်းကြရန် တိုက်တွန်းထားပါတယ်။ အခုလိုပေးပို့လှူဒါန်းရာမှာ မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့ များမှတစ်ဆင့်သာ ပေးပို့လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများမှာ တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းများမှာ လှူဒါန်းကြသော အစားအသောက်များကို ကျန်းမာရေး နှင့်ညီညွတ်စေရန်နဲ့ သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော် ထားပါတယ်။ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ငလျင်ဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများမှာ ခေတ္တလာရောက်နေထိုင်နေသူများနှင့် ငလျင်ဘေးသင့် ရပ်ကွက်များရှိ မိမိတို့ရဲ့နေအိမ်ဝန်းကျင် မြေကွက်လပ်၊ အားကစားကွင်း၊ စာသင်ကျောင်း စတဲ့နေရာများမှာ ယာယီနေထိုင်လျက်ရှိတဲ့ ပြည်သူများအတွက် အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ အစားအသောက်များနေ့စဉ်လာရောက်လှူဒါန်းလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 004)