“မန္တလေးမြို့မှာ ဖွင့်လှစ်ထားရှိတဲ့ နိုင်ငံတကာဆေးခန်းများမှာ လာရောက်ပြသနိုင်”
07 Apr
မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းအတွင်း ယာယီတဲကြီးများနဲ့ လာရောက်ဖွင့်ပေးနေသော နိုင်ငံတကာ ဆေးခန်းများက သာမန်ခွဲစိတ်မှုများကို ဆောင်ရွက်ပေးနိုင်ပြီး လူနာများကို လက်ခံကုသပေးနေတဲ့အတွက် မည်သူ မဆိုလာရောက် ပြသနိုင်ကြောင်း သိရပါတယ်။ ငလျင်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာမှ ဆေးခန်းများ လာရောက်ဖွင့်လှစ် စောင့်ရှောက်ကုသပေးလျက်ရှိပါတယ်။ အဆိုပါဆေးခန်းများမှာ သာမန်ကျန်းမာရေး အခြေအနေများကို ကုသပေးလျက်ရှိပြီ အသေးစားခွဲစိတ်မှုများကိုပါ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ၎င်းတို့အနေနဲ့ လုပ်ဆောင်နိုင်စွမ်းမရှိတဲ့ အကြီးစားခွဲစိတ်မှုများကိုတော့ သက်ဆိုင်ရာ ဆေးရုံကြီးများသို့ လိုက်လံ ပို့ဆောင်ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် ဒဏ်ရာရသူအချို့ကိုလည်း မန္တလာသီရိဘောလုံးကွင်းထဲရှိ Russia Medical Camp ကုသပေးနေပါတယ်။ ဆေးခန်းများမှာ OT အသေးစားပါဝင်သဖြင့် အဆင်ပြေကြောင်း လူနာရှင်အချို့ထံမှ သိရပါတယ်။ မန္တလေး မြို့တော်ခန်းမရှေ့မှာ ဂျပန်အဖွဲ့ရဲ့ အရေးပေါ်ဆေးကုသခန်း၊ လမ်း ၃၀၊ ၇၂ လမ်းနှင့် ၇၃ လမ်း တို့မှာ တရုတ်အဖွဲ့၏ ဆေးခန်း၊ ချမ်းမြသာစည် လေယာဉ်ကွင်း အဟောင်းထဲမှာ အိန္ဒိယအဖွဲ့ဆေးခန်းများ အသီးသီး ဖွင့်လှစ်ထားပါတယ်။ (NVS 004)