တရုတ်နိုင်ငံက အမေရိကန် ကုန်ပစ္စည်းအားလုံးအပေါ် ထပ်ဆောင်းအခွန် ၃၄ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်
06 Apr
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုကို တန်ပြန်သည့်အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများအပေါ် ထပ်လောင်းအခွန်စည်းကြပ်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်အချို့ကို ချမှတ် ခဲ့ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီလ ၅ ရက်တွင် ကြေညာသည်။ ဧပြီလ ၁၀ ရက်မှစပြီး အမေရိကန် ကုန်ပစ္စည်းအားလုံးအပေါ် ထပ်ဆောင်းအခွန် ၃၄ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြောကြားသည်။ တရုတ်အကောက်ခွန်ဌာနသည် အမေရိကန်ကုမ္ပဏီသုံးခုမှ ဂျုံမှုန့်၊ ဓာတ်မြေဩဇာနှင့် မွေးမြူရေးကြက်များ တင်သွင်းမှုအပေါ် ချက်ချင်းဆိုင်းငံ့လိုက်ခြင်းကြောင့် နှစ်နိုင်ငံ လယ်ယာကုန်သွယ်မှုတွင် ထိခိုက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ တရုတ်အစိုးရ၏ရည်ရွယ်ချက်မှာ သက်ဆိုင်ရာကုန်ပစ္စည်းများအပေါ် တင်ပို့မှုထိန်းချုပ်ခြင်းအား ဥပဒေနှင့် အညီ အကောင်အထည်ဖော်ရန်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ကာကွယ် ရန် ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်သို့ တရုတ်ပို့ကုန်များအပေါ် အပြန်အလှန်အကောက်ခွန်များစည်းကြပ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက် သည် နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများနှင့်မကိုက်ညီကြောင်း၊ တရုတ်၏တရားဝင်အခွင့်အရေးနှင့် အကျိုး စီးပွားများကို ဆိုးရွားစွာ ထိခိုက်စေကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ဧပြီလ ၄ ရက်တွင် ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။