အော်လ်မိုနှင့် ပါအူဗစ်တာတို့ ဘာစီလိုနာအသင်းအတွက် ရာသီကုန်အထိ ကစားခွင့်ရရှိ

05 Apr

ဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအခြေအနေကြောင့် အသင်းတွင် ယာယီသာ စာရင်းသွင်းခံထားရသော အော်လ်မိုနဲ့ပါအူဗစ်တာတို့ကို စပိန်အမျိုးသားအားကစားကောင်စီ (CDS)၏ ခွင့်ပြုချက်ကြောင့် ဘာစီလိုနာအသင်း အတွက် ရာသီကုန်အထိ ကစားခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းအနေဖြင့် ကွင်းလယ် လူ အော်လ်မိုနှင့် တိုက်စစ်ကစားသမား ပါအူဗစ်တာတို့ကို မှတ်ပုံတင်ရန် ငွေကြေးမလုံလောက်တာကြောင့် လာလီဂါပြိုင်ပွဲက ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့သည့်နှစ် နွေရာသီတွင် ခေါ်ယူခဲ့သည့် အော်လ်မိုနှင့်ပါအူဗစ်တာတို့ကို ရာသီဝက်ကာလသာ မှတ်ပုံတင်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအနေဖြင့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ဒီဇင်ဘာ လ ၃၁ ရက်မတိုင်မီ ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီကြောင်း သက်သေမပြနိုင်ခဲ့သလို ထပ်မံတိုးမြှင့်ပေးတဲ့ ဇန်နဝါရီလ ၃ ရက်အထိ ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း စပိန်အမျိုးသားအားကစားကောင်စီ (CDS) က အပြီးသတ်ဆုံးဖြတ်ချက်မချမီအချိန်အထိ ၎င်းတို့နှစ်ဦးကို ယာယီကစားရန် ခွင့်ပြုပေးထားခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ၎င်းတို့ နှစ်ဦးကို မှတ်ပုံတင်နိုင်ရန်အတွက် ပြင်ဆင်တည်ဆောက်နေသည့် နူးကမ့်ကွင်းမှ VIP ထိုင်ခုံနေရာများအား ယူရိုသန်း ၁၀၀ နဲ့ ရောင်းချခဲ့သည်ဟု အမည်မဖော်ပြသည့် စာရင်းစစ်တစ်ဦးက အတည် ပြုပေးခဲ့သော်လည်း ၂၀၂၄-၂၅ ရာသီနောက်ဆုံးရက်သတ္တပတ်အထိ ဘဏ္ဍာရေးမှတ်တမ်းတွင် စာရင်းသွင်း ဖော်ပြ ထားခြင်းမရှိကြောင်း သိရပါတယ်။ ဒါပေမယ့် CDS က ရာသီကုန်အထိ ကစားခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လာလီဂါက ယခု ဆုံးဖြတ်ချက်အတွက် အယူခံဝင်ရန် စီစဉ်နေကြောင်း သိရပါတယ်။ (NVS 008)

05 Apr

ADVERTISE HERE .