“ခြေချင်းဝတ်ဒဏ်ရာကြောင့် ဟာလန်း ၇ ပတ်အထိ အနားယူရမည်”
04 Apr
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က အသင်းတိုက်စစ်မှူး ဟာလန်း အနေနဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် ၇ ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း ဟာ မတ်လ ၃၀ ရက်က ကစားခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ဘုန်းမောက်နဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် ၆၁ မိနစ်မှာ လူစားလဲခဲ့ ရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဟာလန်း က ဘုန်းမောက်ကွင်းမှ ပြန်လည်ထွက်ခွာရာမှာ ခြေချင်းဝတ်ကို အကာအကွယ်ဝတ်ဆင်ပြီး ချိုင်းထောက်ကို အသုံးပြုခဲ့ရကြောင်း သိရပါတယ်။ ယခုအခါ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ဟာလန်း အနေနဲ့ အဆိုပါဒဏ်ရာကြောင့် ၅ ပတ်မှ ၇ ပတ်ထိ အနားယူရမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဟာလန်း က မန်စီးတီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံပွဲ ၄၀ တွင် သွင်းဂိုး ၃၀ အထိ သွင်းယူပေးထားပါတယ်။ (NVS 008)
04 Apr