“ငလျင်ဒဏ်ကြုံတွေ့နေရသူများအတွက် WHO၊ တရုတ်၊ ပါကစ္စတန်နှင့် UNICEF Myanmar တို့မှ အကူအညီ ပစ္စည်းများနှင့် ဆေးဝါးများထပ်မံရောက်ရှိလာ”

04 Apr

အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသူများအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ၊ တရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် UNICEF Myanmar တို့မှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ ဧပြီလ ၃ ရက်က ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ဧပြီလ ၃ ရက်ညနေပိုင်းမှာ WHO မှပေးပို့လှူဒါန်းတဲ့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါး ၁၄၈ ထုပ်က Moalem Aviation လေကြောင်းလိုင်းရဲ့ Cargo Flight (ကယ်ဆယ်ရေးပစ္စည်းတင်)လေယာဉ်နဲ့ အိန္ဒိယနိုင်ငံ၊ ကိုးက္ကတားလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် မွန်းလွဲပိုင်းက တရုတ်နိုင်ငံအစိုးရနှင့်တရုတ်ပြည်သူများက ငလျင်ဒဏ်သင့်မြန်မာပြည်သူများ အတွက် ပေးပို့လှူဒါန်းတဲ့ စားသောက်ဖွယ်ရာများ၊ ရွက်ဖျင်မိုးကာတဲနှင့် သောက်ရေသန့်ဗူး စုစုပေါင်း ၆,၆၈၀ထုပ်က Air China လေကြောင်းလိုင်းမှလေယာဉ်နဲ့ ပေကျင်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရပါတယ်။ ထို့အတူ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသအစိုးရက ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန် ချုပ်ရုံးမှ တစ်ဆင့်လှူဒါန်းမည့် ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၁ သန်းကျော်တန်ဖိုးရှိ တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်းများ၊ ဆိုလာမီးအိမ်များ၊ စောင်များ၊ ဆေးဝါးများ၊ အသင့်စား အစားအစာများနှင့် ရွက်ဖျင်တဲများ တင်ဆောင် လာသော ဟောင်ကောင်လေကြောင်းလိုင်းမှ Cathay Pacific Cargo Flight က ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် UNICEF Myanmar မှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဖြန့်ဝေမည့် ကယ်ဆယ်ရေးသုံး ပစ္စည်းများဖြစ်သော ဆေးဝါးများ၊ လူသုံးကုန် ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ၄၈၄ ပုံးကို တင်ဆောင်လာတဲ့ Rom Cargo Airline မှ လေယာဉ်ဟာ UAE နိုင်ငံ၊ ဒူဘိုင်းမြို့၊ AI MAKTOWN လေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ပါကစ္စတန်နိုင်ငံမှပေးပို့လှူဒါန်းတဲ့ မိုးကာတဲ၊ စောင်၊ တာပေါ်လင်၊ water tank၊ ဆေးဝါးများ၊ (MRE) အသင့်စား အစားအစာများကို တင်ဆောင်လာသော My freighter LLC လေကြောင်းလိုင်းမှ လေယာဉ်သည် ဧပြီ ၂ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ အခုလို ရောက်ရှိလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများကို မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုလက်ခံရယူခဲ့ကြပြီးနောက် ငလျင်ဒဏ်သင့်ဒေသများသို့ ဆက်လက် ပေးပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

04 Apr

ADVERTISE HERE .