“အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်”

04 Apr

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါတာကြောင့် ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်အမှတ်စဉ် (၉/၂၀၂၅) နဲ့ ထုတ်ပြန်ပါတယ်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာချက်များအရ ဧပြီလ ၃ ရက်ညနေမှ ဧပြီလ ၅ ရက် အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် ဧပြီလ ၆ ရက်မှ ၁၁ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း အသိပေးဖော်ပြထား ပါတယ်။ အဆိုပါမိုးလေဝသဖြစ်စဉ်က ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ဖြစ်ပွားခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။ (NVS 004)

04 Apr

ADVERTISE HERE .