“ရက်ပေါင်း ၂၀ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားမည်ဟု တပ်မတော်ထုတ်ပြန်”
03 Apr
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယာယီပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ကြာ ရပ်စဲထားမယ်လို့ ဧပြီလ ၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာတော့ လက်ရှိအချိန်တွင် မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ အင်အားအလွန် ပြင်းထန် သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှု များအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေနဲ့ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများကို စာနာထောက်ထား နားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေနဲ့ ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက် မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ သတ်မှတ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ အနေနဲ့ အများပြည်သူသွားလာအသုံးပြုလျက်ရှိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ် များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအား ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။ တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ကာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း ၂၂ ကြိမ်အထိထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ထားပါတယ်။ (NVS 004)