“ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကို ဒုတိယအကြိမ်ကယ်ဆယ်ရေးစေလွှတ်”
03 Apr
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် မတ်လ ၂ ရက်က ထပ်မံပေးပို့ခဲ့ပါတယ်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်သုံးစင်းဖြင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် (CA) မူဟာမတ် ယူနွတ်စ် ၏ ညွှန်ကြားချက်အတိုင်းပေးပို့ခဲ့ကြောင်း CA ၏ ဒုတိယပြန်ကြားရေးအတွင်းဝန်အဘူလ် ခလမ် အဇက်ဒ် မာဂျူမဒါ က ပြောကြားခဲ့ပါတယ်။ အဆိုပါမစ်ရှင်မှာ ကယ်ဆယ်ရေးနှင့်ဆေးအဖွဲ့ ၃ ဖွဲ့လုံးမှ ကယ်ဆယ်ရေးကျွမ်းကျင်သူများ၊ မီးသတ်ဌာနမှ ဝန်ထမ်းများနှင့် မြို့ပြကာကွယ်ရေးဆရာဝန်များ၊ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ ဆရာဝန်များနှင့် အရပ်သားဆရာဝန်များ ပါဝင်ပါတယ်။ ကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့များက ရိက္ခာများ၊ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အထောက်အကူပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဟင်းချက်အသုံးအဆောင်များအပါအဝင် ၎င်းတို့ရဲ့တစ်ကိုယ်ရေသုံးပစ္စည်းများကို သယ်ဆောင်သွားကြမယ်လို့ သိရပါတယ်။ ဒါ့အပြင် ရိက္ခာခြောက် ၈ တန်၊ ရေ ၂ ဒသမ ၅ တန်၊ ဆေးဝါး ၄ တန်၊ တစ်ကိုယ်ရေ သန့်ရှင်းမှု ထုတ်ကုန် ၁ တန်နှင့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေး တဲ ၁ ဒသမ ၅ တန် လဲပေးပို့မှုတွင်ပါဝင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် က ကြည်းတပ်ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်တပ်မတော်မှတဆင့် မြန်မာနိုင်ငံသို့ ဆေးဝါးများ၊ တဲများ၊ ရိက္ခာခြောက်နှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများကို ပထမဆုံးအကြိမ်အဖြစ် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ (NVS 004)