“နေပြည်တော်နှင့် မန္တလေးတို့တွင် အင်အားအနည်းငယ်ရှိသော မြေငလျင်များ ထပ်မံလှုပ်ခတ်ခဲ့”

02 Apr

မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်များအဖြစ် နေပြည်တော် အပါအဝင် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁ ရက်၊ နေ့လယ် ၁ နာရီ၊ ၁၂မိနစ်၊ ၀၄စက္ကန့်မှာ နေပြည်တော်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ဒသမ၉ အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေ ဒညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာရရှိချက်အရ သိရပါတယ်။ ဧပြီလ ၁ ရက်၊ ညနေ ၅ နာရီ၊ ၃၁ မိနစ်၊ ၅၀ စက္ကန့်အချိန်မှာ မြန်မာနိုင်ငံပြည်တွင်း (တံတားဦး မြို့၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၁ ဒသမ ၇၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၉၉ ဒီဂရီ၊ အနက် ၁၆ ကီလိုမီတာကို အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နေပြည်တော် မြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၁၃ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိအချိန် မတ်လ ၂၈ ရက်က အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အဆောက်အဦ ထိခိုက်ပျက်စီး လူထိခိုက်သေဆုံးမှု အများဆုံး ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ဒေသ ၆ ခုကို အရေးပေါ်အခြေနေအဖြစ် ကြေညာထားကာ သေဆုံးသူများနှင့် ပိတ်နေသူများရှိခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူအဖွဲ့များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးတို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

02 Apr

ADVERTISE HERE .