“စစ်ကိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း ၂ ထောင်ကျော် အလုံးစုံပျက်စီးဆုံးရှုံးခဲ့”
01 Apr
အလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း ၂ ထောင်ကျော် အလုံးစုံပျက်စီးဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေး စင်တာ(IBEC)ကနေ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပြိုကျနေတဲ့အဆောက်အဦများအတွင်း သေဆုံးနေသူများနှင့် ပျောက်ဆုံး နေသူများကို ရှာဖွေကယ်ဆယ်ကူညီမှုများ ပြုလုပ်ရန်ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များကို IBEC ဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့ IBEC မှ ဆရာ၊ ဆရာမများက စကားပြန်အဖြစ်တာဝန်ယူကာ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။ ထို့အတူ ငလျင်ဒဏ်ကြောင့် ၈၂ ရာခိုင်နှုန်းကျော်ပျက်စီးဆုံးရှုံးခဲ့မှုကြောင့် အကူအညီလိုအပ်နေတဲ့ ရဟန်း/ရှင်/ လူပေါင်း ၁၂၀,၀၀၀ ကျော်အတွက် ကူညီမှုများပြုလုပ်ပေးနိုင်ရန် IBEC ဆရာတော်ဦးဆောင်မှုနဲ့ IBEC ကူညီ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးစင်တာဖွင့်လှစ်ကာ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရေးပေါ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ထို့အတူ ကူညီထောက်ပံ့မှုတွေ များစွာလိုအပ်လျက်ရှိ၍ IBEC ဆရာတော်မှ နိုင်ငံတကာအကူအညီများနှင့် ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်တဲ့အကူအညီများ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်တော်မူလျက်ရှိကြောင်း သိရပါတယ်။(NVS 004)