“နျူကလီးယားအစီအစဉ်နှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ဖိအားပေးခြိမ်းခြောက်မှုများကို လက်ခံမည် မဟုတ်ဟု အီရန်တပ်မှူးပြော”
31 Mar
အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏နျူကလီးယားအစီအစဉ်နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုများ ပြန်လည် စတင်ရန် အမေရိကန်အစိုးရ၏ဖိအားပေးခြိမ်းခြောက်မှုများကို လက်ခံမည်မဟုတ်ဟု အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ်မှထိပ်တန်းတပ်မှူးတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။ အီရန်နိုင်ငံ သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ဖိအားပေးခြိမ်းခြောက်မှုများကို ဦးညွှတ်မည်မဟုတ်ဘဲ ပြန်လည် တုံ့ပြန် ရန် အသင့်ရှိကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ရေတပ်ဖွဲ့မှတပ်မှူး အလီဇီရာတန်ဆီရီ က al-Mayadeen ရုပ်သံနှင့် မတ်လ ၂၉ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြား သည်။ ထို့ပြင် အီရန်အနေဖြင့် ၎င်းတို့၏ဒုံးကျည်များနှင့် အီရန်အားထောက်ခံနေသည့်ဒေသတွင်းရှိ မဟာမိတ်များ နှင့်စပ်လျဉ်း၍လည်း မည်သည့်စေ့စပ်ဆွေးနွေးမှုကိုမျှ မလုပ်ဆောင်ဘဲ ငြင်းဆိုမည်ဖြစ်ကြောင်းနှင့် အီရန်နိုင်ငံ သည် အိမ်နီးချင်းနိုင်ငံများနှင့်ငြိမ်းချမ်းသည့်ဆက်ဆံမှုများကို ထိန်းသိမ်းနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း တန်ဆီရီ က ဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်အစိုးရက အီရန်၏နျူကလီးယားအစီအစဉ်နှင့်စပ်လျဉ်း၍ စေ့စပ် ဆွေးနွေးရန် ကြိုးပမ်းလျက်ရှိသည်ဟု အမေရိကန်သမ္မတထရမ့်က အီရန်၏အမြင့်ဆုံးခေါင်းဆောင် အေယာတိုလာ အလီခါမေနီထံသို့ ပေးပို့ခဲ့သည့်စာတစ်စောင်တွင် ပြောကြားခဲ့ပြီးနောက် တန်ဆီရီ၏ပြောကြားချက် ထွက်ပေါ်လာ ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ထရမ့် က အေယာတိုလာ အလီခါမေနီထံသို့ ပေးပို့ခဲ့သည့်စာသည် ခြိမ်းခြောက်သည့် ပုံစံအသွင်ရှိနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရတ်ချီက ပြောကြားထားသည် ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။