“နေပြည်တော်လေဆိပ်နှင့် ရန်ကုန်လေဆိပ်များသို့ ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ”
31 Mar
မတ်လ ၂၈ ရက်မှာ ဖြစ်ပွားငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ ဒေသများအတွက် နိုင်ငံတကာမှ အထောက်အပံ့ များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်လေဆိပ်များသို့ အသီးသီးရောက် ရှိခဲ့ပါတယ်။ မတ် ၃၀ ရက်ည ၁၁ နာရီက နေပြည်တော်လေဆိပ်သို့ တရုတ်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့(CISAR)က ထပ်မံရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအဖွဲ့ဟာ တရုတ်နိုင်ငံလေတပ်ရဲ့ Y-20 လေယာဥ် ၂ စီးနဲ့ ရောက်ရှိလာခြင်းဖြစ်ကာ အဖွဲ့ဝင် ၁၁၈ ဦး၊ ကယ်ဆယ်ရေးခွေး ၆ ကောင်၊ ကယ်ဆယ်ရေးယာဉ် ၂ စီး၊ ကယ်ဆယ်ရေးပစ္စည်း ၆၃၄ မျိုးနှင့် ဆေးကုသရေးပစ္စည်းများသယ်ဆောင်ပါဝင်လာကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ တရုတ်အစိုးရက မြန်မာနိုင်ငံသို့ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ CISAR အဖွဲ့၊ ယူနန်ပြည်နယ် ကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေး အဖွဲ့ဝင်ပေါင်း ၂၈၈ ဦးကို စေလွှတ်ထားပြီး တရုတ်ကြက်ခြေနီအသင်းနှင့် တရုတ်နိုင်ငံဒေသအသီးသီးမှ အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့ ၁၅ ဖွဲ့ကျော်တို့မှလည်း မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ဒါ့အပြင် မတ်လ ၃၀ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အင်အားအလွန်ပြင်းထန်သည့် ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးမှုများနှင့်အတူ ပြိုကျနေတဲ့ အဆောက်အဦးများအတွင်းပိတ်မိနေသူများကို ကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန် ဗီယက်နမ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ အနံ့ခံခွေးများ၊ ထောက်ပံ့ကူညီရေးပစ္စည်းများလည်းပါဝင်တယ်လို့ သိရပါတယ်။ (NVS 004)