အိန္ဒိယက အကြီးမားဆုံးသော ကာကွယ်ရေးပစ္စည်း ဝယ်ယူမှုဆိုင်ရာ သဘောတူညီချက်ကို အတည်ပြု

30 Mar

အိန္ဒိယနိုင်ငံသည် ၎င်းတို့၏အကြီးမားဆုံးသော ကာကွယ်ရေးပစ္စည်းဝယ်ယူမှုဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်ကို လုံခြုံရေးဆိုင်ရာအစိုးရအဖွဲ့ ကော်မတီက မတ်လ ၂၈ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းသဘောတူညီချက်အရ အိန္ဒိယနိုင်ငံအနေဖြင့် ရူပီး ၆၂၀ ဘီလီယံ (ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံခန့်) တန်ဖိုးရှိစစ်လက်နက်များနှင့်ဆက်စပ်ပစ္စည်းများကို ဝယ်ယူမည် ဖြစ်သည်။ အိန္ဒိယနိုင်ငံက ဝယ်ယူမည့်စစ်လက်နက်များတွင် အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် (LCH) ၁၅၆ စင်း အပါအဝင် အဆိုပါရဟတ်ယာဉ်များအား မောင်းနှင်ပျံသန်းနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်းနှင့် အခြားဆက်စပ်ပစ္စည်း များပါဝင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်ရေးရဟတ်ယာဉ်များကို နိုင်ငံပိုင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည့် Hindustan Aeronautics Limited (HAL) ကထုတ်လုပ်ပေးမည်ဖြစ်ပြီး ၎င်းရဟတ်ယာဉ်များအနက် အစင်း ၉၀ အား အိန္ဒိယကြည်းတပ်မတော်သို့လည်းကောင်း၊ ကျန် ၆၆ စင်းကိုမူ လေတပ်ဖွဲ့သို့ပေးပို့မည် ဖြစ်သည်။ အိန္ဒိယနိုင်ငံက ဝယ်ယူမည့် LCH Prachand တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် အမြင့် မီတာ ၅,၀၀၀ (၁၆,၄၀၀ ပေ) မှ မြေပြင်သို့ အဆင်းအတက်ပြုလုပ်နိုင်သည့် တစ်ခုတည်းသော ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး နိုင်ငံ၏နယ်စပ်ဒေသများရှိ လုံခြုံရေး အရ အထိအခိုက်မခံသည့်ဒေသများတွင် ဖြန့်ကြက်ရာ၌ အသင့်တော်ဆုံးရဟတ်ယာဉ်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထုတ် T-90 တိုက်ပွဲဝင်တင့်များ၊ ရေငုပ်သင်္ဘောဖျက် တော်ပီဒို များ နှင့် လေကြောင်းအန္တရာယ်ကြိုတင်အချက်ပေးရေးစနစ်များကိုလည်း ဝယ်ယူမည်ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

30 Mar

ADVERTISE HERE .