ယူကရိန်းပဋိပက္ခ အဆုံးသတ်စေရေးအတွက် လုပ်ဆောင်နေသည့် သံတမန်ရေးကြိုးပမ်းမှုများ တိုးတက်လာပြီ ဖြစ် ဟု ထရမ့်ပြော
30 Mar
ယူကရိန်းလက်နက်ကိုင်ပဋိပက္ခအား အဆုံးသတ်စေရေးအတွက် လုပ်ဆောင်နေသည့် သံတမန်ရေးကြိုးပမ်းမှု များသည် တိုးတက်လာပြီဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။ ယူကရိန်းပဋိပက္ခတွင် လူအများအပြားသေဆုံးနေခြင်းကြောင့် အမေရိကန်ခေါင်းဆောင်များအနေဖြင့် အဆိုပါ တိုက်ခိုက်မှုများကို အဆုံးသတ်စေရန်အလိုရှိနေကြောင်း၊ သို့သော် အချို့နိုင်ငံများကြားတွင် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများရှိနေကြောင်း ထရမ့်က မတ်လ ၂၈ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထရမ့်၏ အဆိုပါပြောဆိုချက်သည် အမေရိကန်နှင့်ရုရှားတို့ကြား နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်ရန်နှင့် ယူကရိန်းနိုင်ငံ တွင် တိုက်ခိုက်မှုများရပ်တန့်စေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ် သည်။ နှစ်နိုင်ငံကြားဆွေးနွေးခြင်းအားဖြင့် ယူကရိန်းတွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို အမေရိကန်နှင့်ရုရှားတို့ကြား ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်အရ ရုရှားနှင့်ယူကရိန်းနိုင်ငံတို့အနေဖြင့် တစ်နိုင်ငံရှိစွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများအပေါ်တိုက်ခိုက်ခြင်းနှင့် ပင်လယ်နက်အတွင်းရှိ ရေကြောင်းတိုက်ခိုက်မှုများကို ရှောင်ကြဉ် ရမည် ဖြစ်သည်။ သို့သော် ရုရှားနိုင်ငံအနေဖြင့် နိုင်ငံ၏စိုက်ပျိုးရေးဘဏ်နှင့်အခြားဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ် ချမှတ် ထားသည့် အနောက်နိုင်ငံများ၏ပိတ်ဆို့မှုများကို ဖယ်ရှားပေးမှသာ အဆိုပါသဘောတူညီချက်ကို လက်ခံမည် ဟု ပြောကြားထားသည်။ သို့ရာတွင် ရုရှားနိုင်ငံ၏အဆိုပါတောင်းဆိုချက်အား အီးယူအဖွဲ့က ငြင်းဆိုထားပြီး ရုရှား တပ်ဖွဲ့ဝင်များက ယူကရိန်းနိုင်ငံအတွင်းရှိ သိမ်းပိုက်ထားသည့် နယ်မြေအားလုံးမှ ပြန်လည်မဆုတ်ခွာသေးသည် အထိ ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်မဟုတ်ဟု ပြောကြားထားကြောင်း RT သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။