ဒူးဒဏ်ရာကြောင့် အီတလီအသင်းလူစာရင်းမှ နုတ်ထွက်ခဲ့တဲ့ ကာလာဖီအိုရီ
22 Mar
အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ ကာလာဖီအိုရီ ဟာ ဒူးဒဏ်ရာကြောင့် အီတလီလက်ရွေးစင် အသင်းကနေ နုတ်ထွက်လိုက်ပြီး အာဆင်နယ်အသင်းဆီ ပြန်ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကာလာဖီအိုရီ ဟာ အီတလီအသင်းပွဲထွက်စာရင်းမှာ ပါဝင်လာခဲ့ပြီး ပွဲပြီးကာနီးမှာ ဒူးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ကာလာဖီအိုရီ အနေနဲ့ တနင်္ဂနွေညမှာ ကစား ရမယ့် ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘဲ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်း လေ့ကျင့်မှုကနေ အာဆင်နယ်အသင်းဆီကို ပြန်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အီတလီလက်ရွေးစင်အသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရတော့ ကာလာဖီအိုရီ အနေနဲ့ ၂ ပတ်ကျော် ၃ ပတ်လောက်အထိ အနားယူရဖို့ ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ တင်ဘား ကလည်း အဖျားရောဂါကြောင့် နယ်သာလန် အသင်းကနေ ထွက်လာခဲ့ပြီး ကလပ်အသင်းဆီကို ပြန်ရောက်လာခဲ့ပါတယ်။ တင်ဘား အနေနဲ့ အဖျားရောဂါကြောင့် စပိန်အသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့သလို အခြေအနေတိုးတက်မှုမရှိတာကြောင့် အခုလို အာဆင်နယ်အသင်းထံ ပြန်ရောက်လာခဲ့တာဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။(NVS 008)