“ဒဲလ်ဂလစ်ရှ် စံချိန်လိုက်မီရန် ရောဘတ်ဆန် မျှော်မှန်းနေ”

21 Mar

စကော့တလန် ဂန္ထဝင်ကစားသမား ကင်နီ ဒဲလ်ဂလစ်ရှ် ရဲ့ လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားထားတဲ့ စံချိန်ကို လိုက်မီဖို့ မျှော်လင့်ထားတယ်လို့ အသင်းခေါင်းဆောင် ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရောဘတ်ဆန်ဟာ ဂရိအသင်းနဲ့ ကစားမယ့်နေးရှင်းလိဂ်ပွဲမှာ လက်ရွေးစင်အတွက် ၈၁ ပွဲမြောက်အဖြစ် ပါဝင်ကစားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲဟာ ကွင်းလယ်လူဟောင်း ဖလက်ချာရဲ့ ပွဲအရေအတွက်ကို ကျော်ဖြတ်မှာဖြစ်ပြီး တတိယမြောက် ပွဲအများဆုံး ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။ စကော့တလန်လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားပေးထားသူအဖြစ် ဒဲလ်ဂလစ်ရှ် က ၁၀၂ ပွဲနဲ့ စံချိန်တင်ထားပြီး ဒဲလ်ဂလစ်ရှ်ရဲ့နောက်တွင် လိုက်တန်က ၉၁ ပွဲနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လက်ရှိမှာ လက်ရွေးစင်အသင်းကနေ အနားယူဖို အစီအစဉ် လုံးဝမရှိ သေးသလို ဒဲလ်ဂလစ်ရှ် ရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့အထိ ပစ်မှတ်ထားနေပါတယ်လို့ ရောဘတ်ဆန် က ပြောကြားသွားခဲ့ပါတယ်။ စကော့တလန်အသင်းရဲ့ လက်ရှိနည်းပြ စတိဗ်ကလာ့ခ် က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စကော့တလန်နဲ့ လမ်းခွဲဖို့များတယ်လို့ ပြောကြားမှုအပေါ်လည်း ရော်ဘတ်ဆန် က နည်းပြ ကလာ့ခ် ရဲ့ ဆုံးဖြတ်ချက်ပြောင်းလဲဖို့ကို အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ရော်ဘတ်ဆန် ဟာ စကော့တလန်အသင်းခေါင်းဆောင် ရာထူးကို ၂၀၁၈ စက်တင်ဘာလထဲက ရယူထားသူဖြစ်ပါတယ်။ (NVS 008)

21 Mar

ADVERTISE HERE .