“မတ်ပဲ လွတ်လပ်စွာတင်သွင်းခွင့်ကာလကို ၂၀၂၆ မတ်လကုန်အထိ သက်တမ်းထပ်မံတိုးမြှင့်ပေး”

21 Mar

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနက မြန်မာနိုင်ငံမှ မတ်ပဲများကို လွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၂၄-၂၅) နဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ယခင်နှစ်များမှာ မတ်ပဲနှင့်ပဲစင်းငုံလွတ်လပ်စွာ တင်သွင်းခွင့်ကြေညာချက်ကို တစ်ပြိုင်နက် တည်း ကြေညာလေ့ရှိပေမယ့် ယခုနှစ်မှာ ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကိုသာ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) နဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး မတ်ပဲတင်သွင်းခွင့်ကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်ဖြင့် နှစ်နိုင်ငံ တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးခြင်း၊ သံတမန်လမ်းကြောင်းမှ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဘက်မှ မတ်ပဲ လွတ်လပ်စွာတင်သွင်းမှုအား သက်တမ်းတိုးမြှင့်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရက ပဲစင်းငုံနှင့် မတ်ပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းနဲ့ မြန်မာ့ပဲစိုက်တောင်သူများ၊ ပဲကုန်သည်လုပ်ငန်းရှင်များ ဈေးကွက်ခိုင်မာမှု ရှိခြင်း၊ ဈေးကွက်ဈေးနှုန်း မှန်ကန်စွာရရှိနိုင်ခြင်း၊ ပဲစိုက်တောင်သူများ ဝင်ငွေတိုးတက်စေသော အကျိုးဆက်များကို ရရှိစေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ပဲမျိုးစုံအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး နှစ်စဉ် စပါးစိုက်ဧက ၁၇ သန်းကျော်နှင့် ပဲမျိုးစုံစိုက်ဧက ၁၀ သန်းကျော်ရှိတာကြောင့် ပဲမျိုးစုံစိုက်ပျိုးမှုဟာ စပါးပြီးလျှင် ဒုတိယအရေးကြီးတဲ့ သီးနှံဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး အနေနဲ့လည်း လယ်ယာစိုက်ပျိုး ထုတ်လုပ်မှု၏ ၃ ပုံ ၁ ပုံခန့်ကို ပဲအမျိုးမျိုး စိုက်ပျိုးနေခြင်းဖြစ်ပြီး စိုက်ဧက၏ ၂၀ ရာခိုင်နှုန်းမှာ ပဲမျိုးစုံစိုက်ပျိုးလျက်ရှိပါတယ်။ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြည်တွင်းစိုက်ပဲမျိုးစုံကို ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့မှုကနေ နှစ်စဉ် အမေရိကန်ဒေါ်လာသန်းပေါင်း ၁,၅၀၀ ဝန်းကျင်အထိ ရရှိနေတယ်လို့ သိရပါတယ်။ (NVS 004)

21 Mar

ADVERTISE HERE .