“မန်းရွှေစက်တော် ဘေးမဲ့ဥယျာဉ်မှာ ရှားပါးစာရင်းဝင် ရွှေသမင်အကောင် ၆၀ ကျော် ထိန်းသိမ်းထား”

20 Mar

မြန်မာနိုင်ငံမှာ ဌာနေဖွားဒေသရင်းမျိုးစိတ် ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင်အကောင်ရေ ၆၀ ကျော်ကို မန်းရွှေစက်တော်ဘုရားကြီးရဲ့ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ဥယျာဉ်၌ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း မန်းရွှေစက်တော်ဘုရားကြီး၏ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ထိုရွှေသမင်များကို၂၀၁၂ ခုနှစ်မှာ နေပြည်တော် ဆာဖာရီဥယျာဉ်နှင့် ပုဂံလောကနန္ဒာဥယျာဉ်များမှ ရွှေသမင် အထီး ၅ ကောင်၊ အမ ၇ ကောင်နဲ့ မွေးမြူထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်မှာ အထီး ၁၈ ကောင်၊ အမ ၃၅ ကောင်၊ စုစုပေါင်း ရွှေသမင် ၅၃ ကောင်ရှိခဲ့ရာမှ ထပ်မံကာ ရွှေသမင် ၉ ကောင်ပေါက်ဖွားလာခြင်းကြောင့် လက်ရှိမှာစုစုပေါင်း ၆၂ ကောင်ကို ဖြည့်စွက်စာများကျွေးမွေးကာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။ ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့ဥယျာဉ်ဟာ မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့နယ်မှာ တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၂၁၃ ဒသမ ၄ ကျယ်ဝန်း၍ ပူပြင်းခြောက်သွေ့တဲ့ သန်း-ဒဟတ်တော များ၊ မုန်းချောင်းနှင့် မန်းချောင်းရေဝေကုန်းတန်းများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၄၀ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ကြပြီး ရွှေသမင်များရဲ့စားကျက်နေရာများအဖြစ် ပါဝင်ပါတယ်။ လက်ရှိမှာ မန်းရွှေစက်တော်ဘုရား ပွဲတော်ကျင်းပနေရာမှာ မင်းဘူး(စကု)မြို့နယ်မှ အထင်ကရနေရာများ လာရောက်လည်ပတ်တဲ့အခါ ရွှေစက်တော် ဘေးမဲ့ဥယျာဉ်မှ ဒေသရင်း မျိုးစိတ် မြန်မာ့ရွှေသမင်များကို လာရောက် လေ့လာကြည့်ရှုနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။ (NVS 004)

20 Mar

ADVERTISE HERE .