ငွေကျပ်သန်း ၄၀၀ ကျော်အသုံးပြုပြီး မန္တလေးတိုင်းဒေသကြီး၌ နွေစပါးဧက ၂,၀၀၀ ကျော်စိုက်ပျိုးမည်
19 Mar
မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သန်း ၄၀၀ ကျော်အသုံးပြု၍ ယခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါးဧက ၂,၀၀၀ ကျော်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်မှာ ၁၄ မြို့နယ်တွင် စိုက်ပျိုးရန်လျာထားပြီး ကျောက်ဆည်၊ ဝမ်းတွင်းနဲ့ ရမည်းသင်းမြို့နယ် ၃ မြို့နယ်မှ သမဝါယမအသင်းသားတောင်သူ ၅၃၃ ဦးက နွေစပါးစိုက်ဧက ၂,၀၃၃ ဧကကို နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၄၀၆ ဒသမ ၆ သန်းနဲ့ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီး၊ သမဝါယမဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်၌ နွေစပါးဧကပေါင်း ၆,၁၇၈ ဒသမ ၅ ဧကကို စိုက်ပျိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ သမဝါယမအသင်း ၄၉ သင်းရှိပြီး အသင်းသားတောင်သူများကို နွေစပါးစိုက်ပျိုးရန် ချေးပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများကို စိုက်ပျိုးချိန်အမီ သက်ဆိုင်ရာတောင်သူများ လက်ဝယ်အရောက် ပံ့ပိုးပေးရန်စီစဉ်လျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း နွေစပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် စပါးတင်း ၉၀ နှင့် ၁၀၀ ကြား ထွက်ရှိခဲ့ရာ ယခုနှစ်တွင်လည်း ယမန်နှစ်ထွက်နှုန်းထက် ပိုမိုတိုးတက်လာစေရန် ရည်မှန်းထားကြောင်းနှင့် လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း နွေစပါးဧက ၁၇၀ ခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကာ စိုက်ပျိုးရန်ကျန်ရှိနေတဲ့ စိုက်ဧကများအတွက်ကိုလည်း ပျိုးထောင်ခြင်း၊ မြေပြုပြင်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ (NVS 004)