“ရာသီအဖွင့်ဂရင်းပရီမှာ အနိုင်ရရှိခဲ့တဲ့ နောရစ်”

18 Mar

၂၀၂၅ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ရာသီအဖွင့်ပွဲဖြစ်တဲ့ ဩစတြေးလျဂရင်းပရီကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ ရာမှာ မက္ကလာရင်အသင်းရဲ့ ဗြိတိန်ကားမောင်းသမား နောရစ် အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲမစတင်ခင် ပြင်းထန်တဲ့ ရာသီဥတု အခြေအနေကြောင့် ပြိုင်ပွဲဝင်တွေအတွက် ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်ခဲ့ရသလို ပထမဆုံး ကွင်းတစ်ပတ်မှာပဲ ရေဆင်းဘူးလ်အသင်းဒရိုင်ဗာ ဟက်ဂျာ မတော်တဆမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။ နောက်ထပ်ပြိုင်ပွဲဝင်ကားမောင်းသမားတွေဖြစ်ကြတဲ့ ဂျက်ဒိုဟန်းနဲ့ ကားလို့စိန့်ဇ်တို့လည်း ပြိုင်ကွင်း ၇ ပတ် မပြည့်ခင် မတော်တဆမှုတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ မက္ကလာရင်အသင်းရဲ့ ကားမောင်းသမား ၂ ဦး ဖြစ်တဲ့ နောရစ်နဲ့ ပီယက်စ်ထရီတို့ကတော့ ပြိုင်ပွဲကို ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပြီး အဲဒီနောက်မှာ ဖော်မြူလာဝမ်းလက်ရှိချန်ပီယံ ဗာစတက်ပန်က တတိယနေရာကနေ လိုက်နေခဲ့ပါတယ်။ ပြိုင်ကွင်း ၅၂ ပတ်မြောက် အရောက်မှာတော့ ဗာစတက်ပန်က ဒုတိယနေရာကို ရောက်လာခဲ့ပြီး နိုင်ပွဲအတွက် နောရစ်နဲ့ အကြိတ်အနယ် ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောရစ်က ပြိုင်ကွင်း ၅၇ ပတ်ပြည့်တဲ့အထိ ပထမနေရာကို ဆက်ထိန်းထားခဲ့ပြီး ရာသီအဖွင့် ဂရင်းပရီကို နိုင်ပွဲနဲ့စဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် နောရစ်က ၂၅ မှတ်နဲ့ ချန်ပီယံ အမှတ်ပေး ဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ဗာစတက်ပန် က ၁၈ မှတ်နဲ့ ဒုတိယ၊ မာစီးဒီးစ်ကားမောင်းသမား ရပ်ဆဲလ် က ၁၅ မှတ်နဲ့ တတိယနေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။ (NVS 008)

18 Mar

ADVERTISE HERE .