“မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်ကျရောက်မှု လိမ္မော်ရောင်အဆင့်အထိရှိနေ”
18 Mar
မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုက လိမ္မော်ရောင်အဆင့်အထိရှိနေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ အပူဒဏ်အန္တရာယ်သတိပေးချက်အရ သိရပါတယ်။ ယခုနှစ်မတ်လက ယခင်နှစ်မတ်လထက်ပိုပူသည်ဟု ခံစားရခြင်းမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု မြင့်မားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ မတ်လ ဒုတိယပတ် အတွင်းမှာ ခရမ်းလွန်ရောင်ခြည်ပါဝင်မှု အညွှန်းကိန်းသည် အမြင့်ဆုံးအနီရောင် အဆင့်သို့ရောက်လုနီးဖြစ်နေပြီး လက်ရှိတွင် ဒုတိယအမြင့်ဆုံးခရမ်းလွန်ရောင်ခြည်ပါဝင်မှုအညွှန်းကိန်း ၆ မှ ၇ ပြည့်သွားတာကြောင့် လိမ္မော်ရောင်အဆင့်ကို ရောက်နေတယ်လို့ သိရပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသောအချိန်များမှာ နေရောင်ခြည်နှင့် ထိတွေ့ပါက အရေပြား လောင်ခြင်း၊ အသားအရောင်များ ညိုမည်းလာခြင်းများဖြစ်လာနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကနေ သတိပေး ထားပါတယ်။ နေရောင်ခြည်နှင့် ထိတွေ့မှုများလာသောအခါ အရေပြားများ အရွယ်မတိုင်မီပျက်စီးပြီး အိုမင်း ရင့်ရော်မှုမြန်ဆန်ခြင်း၊ ခုခံအားများကျဆင်းလာခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြားကင်ဆာရောဂါများ ဖြစ်ပွားခြင်း စတဲ့ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် နေ့အပူချိန်မြင့်မားတဲ့ နေ့လယ်ခင်းအချိန်များမှာ နေရောင် တိုက်ရိုက်ကျရောက်တဲ့နေရာများကို မထွက်ကြရန်၊ နေရောင်ထဲမှာ အလုပ်မလုပ်ကြရန် လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ထားတဲ့ အပူဒဏ်ကာကွယ်ရေးကို အထူးလိုက်နာဆောင်ရွက် ကြရန် လိုအပ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ (NVS 004)