“အမေရိကန်နှင့်ရုရှားတို့ကြား ဆက်ဆံရေးနောက်တစ်ဆင့် ထပ်မံတက်လှမ်းရန် ရူဘီယိုနှင့်လက်ရော့ ဆွေးနွေး”

17 Mar

အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေး ပြန်လည်တည်ထောင်ရန်အတွက် နောက်တစ်ဆင့် ထပ်မံ တက်လှမ်း ရေးနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မားကို့ရူဘီယိုက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့နှင့် ဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ရူဘီယိုသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့နှင့် မတ်လ ၁၅ ရက်တွင် ဖုန်း မှတစ်ဆင့် ဆက်သွယ်၍ နှစ်နိုင်ငံ ကြား တိုက်ရိုက်ဆက်သွယ်ရေး ပြန်လည် တည်ဆောက်ရန် ဆွေးနွေးခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးမှုအတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်တည်ထောင်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။ နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီးများ၏ဆွေးနွေးမှုသည် အမေရိကန်နှင့် ရုရှားနိုင်ငံတို့က နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လည်တည်ထောင်ရေးနှင့် ယူကရိန်းနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရေး ကြိုးပမ်းနေစဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ရူဘီယိုနှင့်လက်ရော့တို့ကြား ဆွေးနွေးမှု အတွင်းပြောကြားခဲ့သည့် အခြားအသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။ သို့သော် အဆိုပါ ဆွေးနွေးမှုအတွင်း ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်များအပေါ် အမေရိကန် က လုပ်ဆောင်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများနှင့် အဆိုပါသူပုန်အဖွဲ့အား ပင်လယ်နီအတွင်း အမေရိကန်က ဆက်လက်တိုက်ခိုက်မည့် အစီအစဉ် များကိုလည်း ရူဘီယိုကလက်ရော့ အား အကျဉ်းချုပ်ပြောကြားခဲ့ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရ သည်။

17 Mar

ADVERTISE HERE .